ဟားခါးမြို့မြေပြိုမှု နေအိမ် ၂၀၀၀ ခန့် ပျက်စီး
2015.08.04

ချင်းပြည်နယ် ဟားခါးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးဆက်တိုက်ရွာခဲ့တာကြောင့် မြေပြိုပြီး နေအိမ်အလုံးပေါင်း ၂၀၀၀ နီးပါး ပြိုကျပျက်စီးသွားပြီး၊ လူဦးရေ ၇၀၀၀ နီးပါး ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရပါတယ်။
ဟားခါးမြို့မှာ မြေပြိုတာကြောင့် နေအိမ်ပြိုကျတာရှိသလို မြေတွေကွဲအက်လာတာကြောင့် အိမ်တွေမှာ မနေရဲကြတော့ဘဲ ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်ကြသူတွေလည်း ရှိတယ်လို့ ဟားခါးမြို့ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှုး ဦးတလွန်ကျဲအိုက ပြောပါတယ်။
"တစ်ရပ်ကွက်လုံး မြေပြိုတဲ့အခါ အိမ်တွေကယိုင်နေတယ် နေလို့မရတော့ဘူး"
ဟားခါးမြို့မှာ ကယ်ဆယ်ရေးစခန်း ၁၃ ခုဖွင့်လှစ်ထားပြီး မြို့ဟောင်း၊ ဈေးဟောင်း၊ ပြည်တော်သာ၊ ဈေးသစ် ၊ ကျောဘုတ်နဲ့ မြို့သစ် စတဲ့ ရပ်ကွက် ၆ခုက ပြောင်းရွှေ့နေထိုင်သူတွေက အများဆုံးဖြစ်ပါတယ်။ ဟားခါးမြို့ကိုသွားတဲ့ လမ်းတွေလည်း ပျက်စီးကုန်တာကြောင့် သယ်ယူပို့ဆောင်ရေး ပြတ်တောက်သွားပြီး အရေးပေါ်စားနပ်ရိက္ခာနဲ့ ကျန်းမာရေး အကူအညီတွေ လိုအပ်နေပါတယ်။
ဟားခါးမြို့ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှုး ဦးတလွန်ကျဲအို ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။