ဟားခါးမြို့မှာ ဒုက္ခသည်ပြည် သူ ထောင်နဲ့ချီ ဆန္ဒပြ
2016.01.05

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မြေပြိုကျမှုကြောင့် လက်ရှိအချိန်ထိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ဒေသခံ တစ်ထောင်ကျော်ဟာ အစိုးရက မြေနေရာ ချထားပေးတာ၊ အိမ်ဆောက်စရိတ်တွေ မပေးနိုင်တာနဲ့ပတ်သက်ပြီး မကျေ နပ်တာကြောင့် ဒီနေ့ ဟားခါးမြို့မှာ ၃ နာရီကြာ လမ်းလျှောက်ဆန္ဒပြကြပါတယ်။
အစိုးရဘက်က မြေကွက်တွေဖော်ပြီး နေအိမ်ဆောက်လုပ်တာ ကြာမြင့်နေပြီး သဘောတူထားတဲ့အတိုင်း မြေနေရာ အပြည့်မရတာတွေကြောင့် ဆန္ဒပြတာဖြစ် တယ်လို့ မြို့သစ်ရပ်ကွက် ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဦးတင်ပန်း က ပြောပါတယ်။
"အခက်အခဲတွေ အများကြီးရှိတယ်၊ အဲ့ထဲမှာမှ မြန်မြန်လေးနဲ့ မြေကွက်ကို ဖော်ပေးပြီးတော့ ကိုယ့်မြေကွက်ထဲမှာပဲ အိမ်ယာတွေဆောက်ပြီးနေဖို့ ကျနော်တို့ လိုချင်တယ်၊ အခုသူတို့လုပ်တဲ့ပုံစံဆိုရင်တော့ တစ်မိုး၊ နှစ်မိုး၊ သုံးမိုး၊ တစ်နှစ်ကြာ ဦးမလား၊ နှစ်နှစ်ကြာဦးမလား၊ အဲ့လိုပုံစံပဲ၊ အစိုးရကတော့လုပ်ပေးနေတယ်၊ ဒါပေမယ့်ခုထိမပြီးသေး ဘူး"
ဆန္ဒပြသူတွေဟာ အစိုးရက နေအိမ်တွေချထားပေးတဲ့အခါ တစ်စုတစ်စည်းတည်း ချထားပေးဖို့၊ လမ်းနဲ့ ရေမြောင်းတွေ ကို ကောင်းမွန်အောင်ဆောင်ရွက်ပေးဖို့နဲ့ အိမ်ငှားတွေအတွက်ပါ နေအိမ်တွေ ဆောက်လုပ်ပေးဖို့ တောင်းဆိုကြ တာဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရဆီက တောင်းခံထားတဲ့ ဘတ်ဂျက်အားလုံး မရရှိသေးတဲ့အတွက် ရသလောက်နဲ့ စီစဉ်နေရတာကြောင့် လိုအပ်ချက်တွေ ရှိနေတာဖြစ်တယ် လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးငွန်ဆန်အောင်က ပြောပါတယ်။
"ပြည်ထောင်စုကိုတင်တယ်၊ ခုထိမကျလာသေးဘူး၊ ရ၊ မရဆိုတာတော့ပြောလို့မရဘူး၊ အပေါ်ကပေးမှ ကျနော်တို့ပေးနိုင်မှာကိုး၊ ဒီမြေကွက်ဖော်တာတို့၊ လမ်းဖော်တာ တို့ဆိုတာ တစ်ပြားမှပိုက်ဆံမရှိဘူး၊ အစိုးရက ကျနော်တို့ကို ၁.၅ ဘီလီယံပဲချပေးတယ်၊ လိုတာက ၂၂ ဘီလီယံလိုတာ၊ ၁.၅ ပဲချပေးတယ်၊ အဲ့ ၁.၅ နဲ့ပဲ လမ်းရယ်၊ ရေရယ်၊ မီးရယ် ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားတယ်"
ချင်းပြည်နယ် ဟားခါးမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြေပြိုကျခဲ့တာ ကြောင့် ဟားခါးမြို့နယ်က အိမ်ထောင်စု ၇၃၀ ကျော်ဟာ ဒုက္ခသည်စခန်း ၅ ခုမှာ ခိုလှုံနေရပြီး အဲဒီထဲက အိမ်ထောင်စု ၄၀၀ ကျော်ကို အစိုးရကနေအိမ် ဆောက် လုပ်ပေးမှာဖြစ်သလို ကျန်တဲ့ ၃၀၀ ကျော်ကိုတော့ မြေကွက်ပေး ပြီး နေအိမ်ဆောက်လုပ်ဖို့အတွက် ကုန်ကျစရိတ်ချပေး မှာဖြစ်ပါတယ်။
လက်ရှိမှာ အစိုးရအစီအစဉ်နဲ့နေအိမ်ဆောက်လုပ်ပေးမယ့် အိမ်ထောင်စု ၄၀၀ ကျော်အထဲက ၂၀၀ နီးပါး အတွက် နေအိမ်တွေစတင်ဆောက်လုပ်နေပြီး အချောသတ်ပြီးစီးတဲ့နေအိမ် ၃၂ လုံးရှိနေပြီလို့ သိရပါတယ်။
အစိုးရအစီအစဉ်နဲ့ဆောက်လုပ်သူတွေကို ဒီနှစ်မတ်လနောက်ဆုံးထားပြီး အစိုးရဘက်က အပြီးဆောင်ရွက်ပေးမယ် လို့ပြောကြားထားပေမယ့် မိမိအစီအစဉ် နဲ့ ဆောက်လုပ်မယ့်သူတွေကို မြေကွက်ချထားပေးမှု မရှိသေးသလို အိမ်ဆောက်စရိတ် ချထားပေးတာ မရှိသေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။
ဝန်ကြီး ဦးငွန်ဆန်အောင်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ် မေးမြန်းထားပါတယ်။