ဟားခါး ဗန်တလန်းရွာ လေကြောင်းနဲ့ ဗုံးကြဲခံရ

RFA Burmese
2023.05.05
ဟားခါး ဗန်တလန်းရွာ လေကြောင်းနဲ့ ဗုံးကြဲခံရ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် ဟားခါးမြို့နယ် ဗန်တလန်းရွာမှ နေအိမ်များအား ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့က တွေ့ရစဉ်။
The Chin Journal

ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ဗန်တလန်းကျေးရွာကို မေလ ၂ ရက်နေ့က စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၁၅ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ဟားခါး - ဂန့်ဂေါ ကားလမ်းပေါ်မှာရှိတဲ့ ဗန်တလန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီးနောက် ကျေးရွာထဲကို လေယာဉ်နဲ့ ဗုံးကြဲချခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဂန့်ဂေါကနေ စစ်ကောင်စီတပ်သားတွေ တက်လာကတည်းက ကျနော်တို့ ဟားခါး - ဂန့်ဂေါလမ်းမကြီး တစ်လျှောက်မှာ ရှိတဲ့ရွာတွေ ထွက်ပြေးရတယ်။ အဲဒါကြောင့် ရွာကို လေကြောင်းနဲ့တိုက်တဲ့အချိန်မှာ နေအိမ်ပဲ ပျက်စီးခဲ့တာ။ အဓိကတော့ စစ်သားတွေ အထိအခိုက်များလို့ လေကြာင်းနဲ့ ရွာကိုတိုက်တာလို့ထင်တယ်"

ဗန်တလန်းကျေးရွာမှာ အိမ်ခြေ ၆၀ နီးပါးရှိပြီး လူဦးရေ ၃၀၀ နီးပါး နေထိုင်ကြပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် လူထိခိုက်တာမရှိပေမယ့် ကျေးရွာသားတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဗန်တလန်းကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘက်က သတင်း ထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေး၀န်ကြီးဦးသန့်ဇင်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ကလည်း ဟားခါးမြို့နယ် ချွန်ကျုံးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက် လေယာဉ်တစ်စင်းနဲ့ ခြောက်ကြိမ် ဗုံးလာကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ဧပြီလ ၂၃ ရက်နေ့ကလည်း ချွန်ကျုံးရွာအနီးမှာရှိတဲ့ ဆုတောင်းတောင်ပေါ်ကို ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ ဗုံးနှစ်ကြိမ် ကြဲချခဲ့တာကြောင့် ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဆုတောင်းအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၂၀၀ ကျော် ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအရပ်သား ၃၀ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။