အမုန်းစကား ပြောဆိုမှုများက ဘာသာ သာသနာကို ထိခိုက်မည်
2015.06.06

အမုန်းတရားကိုပြန့်ပွားစေတဲ့ အပြောအဆိုတွေဟာ ဘာသာသာသနာကို ဖျက်ဆီးနေသလိုဖြစ်နေကြောင်း မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်က မိန့်ကြားလိုက်ပါတယ်။
ဘာသာကြီး ၄ ခုက ခေါင်းဆောင်တွေဟာ "ဘာသာ သာသနာနဲ့ ငြိမ်းချမ်းရေးကို စောင့်ရှောက်ခြင်း" ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီနေ့ ဆွေးနွေးကြတဲ့အခါမှာ ဆရာတော် ဘဒ္ဒန္တအရိယာဝံသာဘိဝံသက မိန့်ကြားခဲ့တာဖြစ်ပါတယ်။
"အခု မုန်းတီးရေးတရားတွေ ဖြစ်ပေါ်လာတာဟာ ဘာသာသာသနာကိုပျက်အောင် ဘေးကနေပြီးတော့ အမြင်မှားအောင်ဖျက်ဆီးသလိုဖြစ်နေတာ၊ ဘာသာ သာသနာကိုဖျက်ဆီးရင် အပြင်ကဖျက်လို့မရဘူး ဆိုတာလည်း မကြာမကြာလည်း ဘာသာရေးပွဲတွေမှာ ဘုန်းကြီးပြောပါတယ်၊ အစ္စလာမ်ပျက်အောင်လည်း အစ္စလာမ်ထဲကပဲ လုပ်လို့ရတယ်၊ ဗုဒ္ဓဘာသာပျက်အောင်လည်း ဗုဒ္ဓဘာသာထဲကပဲ လုပ်လို့ရတယ်၊ ဒ့ီပြင်လူက ဖျက်လို့မပျက်ဘူး၊ နည်းနည်းတင်မပျက်ဘူး အတင်းဝင်ဖျက်မှပျက်မယ်၊ ဒါကြောင့် တစ်ခါတလေ ခက်တာက ကိုယ့်ဘာသာ ကိုယ့်ဘုန်းကြီးဆိုလို့ရှိရင် အမှန်ချည်း ဘုန်းကြီးတို့သတ်မှတ်နေတာက ပိုပြီးတော့ အဲ့ဒီအပျက်ကိုပိုပြီးတော့ ဖြစ်ပေါ်စေတယ်လို့ ပြောရမှာပေါ့နော်၊ နောက်ပြီးတော့ ကိုယ့်ဘာသာထဲက ဒီလိုဟာမျိုး အမှားမျိုးကျတော့ မပြောကြတာဟာ ကိုယ့်ဘာသာပျက်စီးခြင်းရဲ့ အကြောင်းရင်းပဲ"
ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ခရစ်ယာန်ဘုန်းတော်ကြီး ဒေါက်တာအေးမင်းကလည်း ဘာသာခြားတွေအပေါ် တိုက်ခိုက်ပြောဆိုမှုတွေကြောင့် လက်တွေ့ပြဿနာခံစားရတာ ပြည်သူတွေဖြစ်ကြောင်း ပြောပါတယ်။
"မုန်းတီးရေးတရားဟာ ဘာသာတရားတွေရဲ့ အချင်းချင်းထဲမှာ ပြဿနာဖြစ်စေမဲ့ တကယ်ခံစားရတာ ပြည်သူ လူထုပါ၊ ဒါကြောင့်မို့လို့ ပြည်သူလူထုကြားမှာ ပိုပြီးတော့ ငြိမ်းချမ်းသွားအောင် ဘာသာတရားအနေနဲ့ ဘယ်လိုသွန်သင်မလဲ၊ ဘယ်လိုကိုယ့်ဘာသာနဲ့ကိုယ် ဘယ်လောက်ထိ ငြိမ်းချမ်းရေးကိုဖော်ဆောင်မလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ"
ဒီနေ့ဆွေးနွေးပွဲကို ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ ၊ခရစ်ယာန်ဘာသာနဲ့ ဟိန္ဒူဘာသာ စတဲ့ဘာသာရေး အဖွဲ့ အစည်းတွေက ခေါင်းဆောင်တွေက ဦးဆောင်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အရပ်ဘက်လူမှှု အဖွဲ့အစည်းတွေ ကအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။