ကျန်းမာရေးပစ္စည်း ဈေးတိုးမြှင့်ရောင်းချမှုကို ဟန့်တားရ ခက်ခဲနေ
2020.04.03
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်း၊ ဆေးပစ္စည်းတွေနဲ့ စားသုံးကုန်ပစ္စည်းတွေကို ဈေးမကစားဖို့၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ထားတာမျိုးတွေမလုပ်ဖို့နဲ့ ဈေးတိုးမြှင့်မရောင်းဖို့ ထုတ်ပြန်ထားတာ ငါးရက်ကြာ လာပေမယ့် ဈေးနှုန်းကို မထိန်းချုပ်နိုင်သေးဘူးလို့ အွန်လိုင်းကနေ ဈေးရောင်းနေတဲ့ မခိုင်သဇင်အောင် က ပြောပါတယ်။
"အရင်တုန်းက ၅၀ လောက် မက်စ်တွေက တချို့ဆိုင်က ၁၀၀၀ ရောင်းတယ် တချို့ဆိုင်တွေက ၇၀၀၊ ၈၀၀ ရောင်းတယ်။ ကိုယ်တိုင် ဘယ်လိုယူရလဲဆိုတော့ ၄၀၀ ကျော် ယူရတယ် ၅၀၀ လောက်ရောင်းရတယ် တစ်ခုကို ၄၀၊ ၅၀ စားတယ် ၇၀ လောက်ထိ ဖြစ်သွားတယ် လိုသလောက်ရလားဆိုတော့ မရဘူး။ ဆိုလိုချင်တာက ပိုက်ဆံ ပေးဝယ်ချင်ရင်တောင်မရှိဘူး။ ရောင်းချင်တဲ့ဈေးနဲ့ ရောင်းချင်သလိုရောင်းနေတာ။ ထိန်းချုပ်မှုမရှိသေးဘူး ထိန်းချုပ်နိုင်မယ်လို့လည်းမမြင်ဘူး။"
ကိုရိုနာဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံမှာ စတင်တွေ့ရှိတယ်လို့ ကြေညာလိုက်တဲ့ မတ်လ ၂၃ ရက်နေ့ကစပြီး ဈေးကွက် ထဲမှာ နှာခေါင်းစည်း၊ လက်ဆေးဆပ်ပြာနဲ့ ပိုးသတ်ဆေးရည်တွေဟာ ဈေးနှုန်းအဆမတန်မြင့်တက်လာပြီး ပစ္စည်းပြတ်တဲ့အထိ ဖြစ်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး အန္တရာယ်ကြောင့် စိုးရိမ်တကြီး ဈေးဝယ်ကြတဲ့အတွက်လည်း စားသုံးကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်သွားရာမှာ ၅၀ ကျပ်တန် နှာခေါင်းစည်းတစ်ခုကို ၁၀၀၀ ကျပ်အထိ ရောင်းချသူတချို့ ရှိခဲ့ပါတယ်။
ကြေညာချက်ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ဈေးရောင်းသူတချို့ဟာ နှာခေါင်းစည်းကို တစ်ထောင်ဖိုး သုံးခုနှုန်း ဈေးပြန်ချတာ တွေ့ရတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောပါတယ်။
"ကြေညာချက်ထုတ်ပြန်ပြီးမှာ နှာခေါင်းစည်းတွေ တစ်ထောင်ဖိုး သုံးခုရောင်းလာတာရှိတာပါတယ်။ ကျွန်တော်တို့ စဉ်ဆက်မပြတ်စောင့်ကြည့်နေပါတယ်။ မရောင်းသင့်တဲ့ဈေးတွေနဲ့ ရောင်းချမယ်ဆိုရင် ဥပဒေနဲ့ အရေးယူသွား မှာပါ။ အစိုးရက အခြေအနေတစ်ရပ်မှာ ဝင်ရောက်ထိန်းကြောင်းတာပါ။ ဈေးနှုန်းတွေကို မတရားထိန်းသိမ်း လိုက်လို့ ပစ္စည်းတွေပြတ်လပ်သွားရင် အဲဒီအကျိုးဆက်က ဘာဖြစ်မယ်ဆိုတာ စဉ်းစားနိုင်တဲ့သူတွေ သိပါတယ်။ ကျွန်တော်တို့က ဈေးကွက်မှာ ပိုပြီး အဆင်ပြေအောင် လုပ်နေပါတယ်။"
ကြေညာချက်ထုတ်ပြန်ပြီးချိန်ကစပြီး ဒီနေ့အထိ တိုင်ကြားလာတာ နှစ်မှုရှိနေပြီး တိုင်ကြားမှုက တရားရုံးတင် စစ်ဆေးလောက်တဲ့အဆင့်ထိတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
မြန်မာစားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်က အစိုးရက ဥပဒေထုတ်ထားတာပဲရှိပြီး ဒီဥပဒေကို အသက်ဝင်လာအောင် အားကိုးလို့ မရနိုင်ဘူးလို့ ပြောပါတယ်။
"တခြားနိုင်ငံမှာ ဒီလိုပစ္စည်းတွေနဲ့ ပတ်သက်ပြီး ထောင်တွေချလိုက်တယ် ဒါဏ်တွေ ရိုက်လိုက်တယ်ဆိုတာက သူတို့မှာ စစ်ဆေးနိုင်တဲ့ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပစ္စည်းကို ဘယ်လောက်ထုတ်လိုက်တယ် ဘယ်ကိုဖြန့် လိုက်တယ် ဘာတွေသိုလှောင်ထားတယ်ဆိုတဲ့ လမ်းကြောင်းတွေကောင်းလို့ အရေးယူနိုင်တာ ကျွန်တော်တို့ဆီမှာ အဲဒါမျိုး ကောင်းတဲ့စနစ် ဘယ်တုန်းကမှမရှိခဲ့ဘူး။ မရှိခဲ့တာကို အဲလို အခြေခံပြီး အရေးယူမယ်ဆိုရင် ဘယ်လိုမှ မထိရောက်နိုင်ဘူး။ ဥပဒေထုတ်ပေးတာကို နားလည်တယ် ဥပဒေရဲ့ထိရောက်မှုအပေါ် အားကိုးရဖို့တော့ သိပ်အားမကိုးနိုင်ဘူးလို့ မြင်ပါတယ်။"
ဈေးနှုန်းတွေ မြှင့်တင်ရောင်းချတာနဲ့ ပတ်သက်ပြီး စာသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။ ငွေချေပြေစာ သို့မဟုတ် အခြားသက်သေပြနိုင်တဲ့ အထောက်အထားတစ်ခုခုနဲ့ တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
ကုန်ပစည်းတွေကို ဈေးနှုန်းတိုးမြှင့်ရောင်းချတာ၊ ဈေးကစားဖို့ သိုလှောင်တာတွေ လုပ်ဆောင်သူတွေကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ နဲ့ အရေးယူမယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီပုဒ်မအရ ပြစ်မှုထင်ရှားသူကို ငွေဒဏ် ငါးသိန်း၊ ထောင်ဒဏ် ခြောက်လကနေ သုံးနှစ် ချမှတ်နိုင်ပါတယ်။