ကျန်းမာရေး အာမခံစနစ် ဖေါ် ထုတ်ရေး ဆွေးနွေးမည်
2017.06.05
လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့ အမျိုးသား ကျန်းမာရေးအာမခံစနစ် တည်ထောင်ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အမျိုးသားကျန်းမာရေး အာမခံစနစ်ကို အကောင်အထည်ဖော်ဖို့ ရေကြည် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်းက အဆိုတင်သွင်းခဲ့ပါတယ်။
"အခြေခံကျတဲ့ ကျန်းမာရေးလိုအပ်ချက်အတွက် ရန်ပုံငွေ လုံလောက်မှုမရှိသေးပေမယ့် ပြည်သူများရဲ့ ကျန်းမာရေး အဆင့်မြင့်မားတိုးတက်ဖို့အတွက် ရန်ပုံငွေပိုမိုလုံလောက်စွာရရှိသုံးစွဲနိုင်မှ ကျနော်တို့အတွက် အရေးကြီးတဲ့လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်"
ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်းက လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်တွေ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့၊ ဆင်းရဲနွမ်းပါးသူတွေ အပါအဝင် နိုင်ငံသားတိုင်းထိရောက် တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ အချိန်မီရရှိစေဖို့၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ ရန်ပုံငွေတွေ လုံလောက်အောင်ရရှိနိုင်ဖို့ ကဏ္ဍပေါင်းစုံ ပူးပေါင်းပါဝင်တဲ့ အမျိုးသားကျန်းမာရေး အာမခံစနစ် တည်ထောင်ဆောင်ရွက်ဖို့ အဆိုတင်သွင်းတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးစကနေ ဒီကနေ့အထိ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကိုသာ ကျင့်သုံးနေကြောင်း၊ ကျန်းမာရေးကဏ္ဍ ခွင့်ပြုရန်ပုံငွေ နည်းပါးနေကြောင်း၊ ဆေးဝါးပစ္စည်းချို့တဲ့နေကြောင်း၊ ကျန်းမာရေးအတွက် ကုန်ကျငွေတွေကို တိုက်ရိုက်ပေးချေရတဲ့ ကုန်ကျစရိတ်ဟာ ဆေးဝါးကုသမှုကုန်ကျစရိတ်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ရှိနေကြောင်း၊ ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်းလည်း ဒေါက်တာစံရွှေဝင်းက တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအသုံးစရိတ်ဟာ အစိုးရအသုံးစရိတ်ရဲ့ ၅ ရာခိုင်နှုန်းသာ ရှိကြောင်းနဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က နိုင်ငံတစ်နိုင်ငံရဲ့ကျန်းမာရေး အသုံးစရိတ်ကို နိုင်ငံ့အသုံးစရိတ်ရဲ့၁၅ရာခိုင်နှုန်း အသုံးပြုသင့်ကြောင်း အကြံပြုထားတာကြောင့် မြန်မာနိုင်ငံမှာ ပိုမိုထိရောက်ပြီး လူတိုင်းလက်လှမ်းမီ နိုင်တဲ့ ကျန်းမာရေးအာမခံစနစ် အကောင်အထည်ဖော်နိုင်ဖို့အဆိုကို အင်္ဂပူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်းက ထောက်ခံခဲ့ပါတယ်။
အဆိုကို ကန့်ကွက်သူမရှိတာကြောင့် လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်ပြီး ပါဝင်ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေအနေနဲ့ မနက်ဖြန် နောက်ဆုံးထား အမည်စာရင်းပေးဖို့ လွှတ်တော်ဥက္ကဌက ကြေညာ ခဲ့ပါတယ်။