စံချိန်တင်ပူပြင်းတဲ့ နေရာ ၁၄ ခုနဲ့ မြစ်ရေကြီးမှာစိုးရိမ်ရတဲ့ မြို့နယ် ၁၁ ခုရှိနေ
2020.07.27
ရာသီဥတုဆိုးရွားမှုကြောင့် ဇူလိုင်ထဲမှာ အပူချိန် အမြင့်ဆုံး စံချိန်တင်တဲ့ နေရာ ၁၄ ခုရှိခဲ့ပြီး မြို့နယ် ၁၁ ခုမှာတော့ မြစ်ရေ စိုးရိမ်ရေမှတ် ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဇူလိုင်ဆိုတာ မိုးတွေရွာပြီး ရာသီဥတု အပူချိန်လျော့တတ်တဲ့ ကာလဖြစ်ပေမယ့် ဒီနှစ် ဇူလိုင် ၂၅ ရက်နေ့မှာတော့ အပူချိန် အမြင့်ဆုံး စံချိန်တင်တဲ့ မြို့နယ် ၁၂ ခု နဲ့ မိုးလေဝသစခန်း နှစ်ခုရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ် ပင်လောင်း၊ စစ်ကိုင်းတိုင်းက စစ်ကိုင်းနဲ့ မုံရွာ၊ မန္တလေးတိုင်းက မိတ္ထီလာနဲ့ တံတားဦး၊ နေပြည်တော်၊ တပ်ကုန်း၊ ရန်ကုန်တိုင်းက မှော်ဘီ၊ ဧရာဝတီတိုင်းက ဖျာပုံ၊ လပွတ္တာ၊ မွန်ပြည်နယ်က ဘီးလင်း၊ ကယားပြည်နယ်က ဘောလဲမြို့တွေနဲ့ ကြေးမုံစိုက်ပျိုးရေးမိုးလေဝသစခန်းနဲ့ မှော်ဘီစိုက်ပျိုးရေး မိုးလေဝသစခန်းတွေမှာ အပူချိန် စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။
မုတ်သုံလေ အားလျော့နေပြီး မိုးရွာတာနည်းတာကြောင့် အပူချိန် မြင့်တက်လာတာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
ညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေဖြစ်ပြီး မိုးကြိုးပစ်တာ၊ လျှပ်စစ်စီးလက်တာ ၊ မိုးသီးကြွေတာတွေကိုလည်း သတိထားရမှာဖြစ်တယ်လို့ ပြောပါတယ်။
ဇူလိုင်လထဲမှာ ပုံမှန်မိုးရေချိန်ရတဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်းလည်းဖြစ် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် မြစ်ဖျားခံရာ ဒေသလည်းဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ မိုးများတာကြောင့် စိုးရိမ်ရေမှတ်တွေကို ရောက်ရှိနိုင်တာကိုလည်း သတိပေးထားပါတယ်။
ဧရာဝတီမြစ်ရေဟာ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ ညောင်ဦး၊ ဆိပ်သာ စတဲ့ မြို့တွေမှာ နောက် နှစ်ရက်ကနေ သုံးရက်အတွင်း၊ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ မုံရွာ စတဲ့မြို့တွေမှာ နောက်ထပ် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်တဲ့ သတိပေးချက်ကိုလည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့ဟာ နှစ်ပေါင်း ၅၅ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်ချိုးတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့အပြင် ချင်းတွင်းမြစ်ရဲ့ စိုးရိမ်ရေမှတ်ရောက်နိုင်ကြောင်း သတိပေးထားတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။
မိုးရာသီရောက်ပေမယ့် ပြီးခဲ့တဲ့ သုံးရက်အတွင်း နွေရာသီမှာလို ပူအိုက်တဲ့ဒဏ်ကို ခံစားရတယ်လို့ Save Monywa အဖွဲ့က ကိုအောင်နေမျိုးက ပြောပါတယ်။
စစ်ကိုင်းမြို့မှာလည်း ၅၆ နှစ်အတွင်း အပူချိန်စံချိန် ကျိုးခဲ့သလို ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် သတိပေးတဲ့အထဲမှာ ပါပါတယ်။ ဒီနေ့မနက်ပိုင်းမှာ မြစ်ရေဝင်တာကြောင့် နေအိမ်တချို့ ရွှေ့ပြောင်းရပါတယ်။
စစ်ကိုင်းမြို့ အိုးဘိုရပ်ကွက် အုတ်ကျင်းမှာ မြစ်ရေဝင်တာကြောင့် နေအိမ်နဲ့ ပစ္စည်းတွေကို မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ အိုးဘို လူမှုကူညီရေးအဖွဲ့တွေက ရေလွတ်ရာကို ကူညီရွှေ့ပြောင်းပေးနေကြတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဧရာဝတီမြစ်ရေက စိုးရိမ်ရေမှတ် မရောက်သေးပေမယ့် စစ်ကိုင်းမြို့ မြေအနိမ့်ပိုင်းမှာရှိတဲ့ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်တဲ့ အိမ်ထောင်စု လေးစုကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မြို့နယ်လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က ပြောပါတယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်း အောက်ပိုင်းနဲ့ မန္တလေးတိုင်းတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တဲ့အကြောင်း၊ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေလည်း စိုးရိမ်ရေမှတ်တွေ ကျော်နိုင်တာကြောင့် မြစ်ကမ်းပါးနေထိုင်တဲ့သူတွေ၊ မြေနိမ့်ပိုင်းမှာ နေတဲ့သူတွေအနေနဲ့ အထူးသတိထားဖို့ကိုလည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။