မိုးဗြဲမြို့ပေါ် လက်နက်ကြီးကျည်ကျ လူတစ်ဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ် မိုးဗြဲမြို့ထဲကို အောက်တိုဘာ ၂၄ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ မိုးဗြဲမြို့က အမျိုးသမီးတစ်ဦးသေဆုံးသွားပြီး ငါးဦးမှာ ထိခိုက်ဒဏ်ရာရခဲ့ ပါတယ်။
ဒဏ်ရာရရှိသူ ငါးဦးထဲမှာ လေးနှစ်နဲ့ တစ်နှစ်အရွယ် ကလေး နှစ်ဦး ပါဝင်ပြီး ကျန်သုံးဦးမှာ အခြေအနေ စိုးရိမ်ရတယ်လို့ မိုးဗြဲ ကယ်ဆယ်ရေးနဲ့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
မနက် ၇ နာရီ ဝန်းကျင်မှာ စစ်တပ်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ကနေ ဖယ်ခုံမြို့နယ် မိုးဗြဲ ဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာရင်း နှစ်ဖက်တိုက်ပွဲဖြစ်တာမျိုး မဟုတ်ဘဲ စစ်တပ်ဘက်ကသာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောကြပါတယ်။
လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ထိခိုက်ဒဏ်ရာရသူတွေကို နေရာရွှေ့ပြောင်းပေးရာမှာ ကူညီပေးဖို့ အခက် အခဲရှိပြီး တစ်ချို့လည်း အိမ်မှာမနေရဲကြတော့ဘဲ တောတောင်တွေဘက် ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။
ဒီနေ့မနက်ပိုင်း မိုးဗြဲကဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ RFA က စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ကယားပြည်နယ်ထဲမှာ စစ်တပ်နဲ့ ကရင်နီလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သိန်း ကျော်တို့ စစ်ဘေးဒုက္ခသည်တွေအဖြစ် တောတောင်တွေထဲ ထွက်ပြေးရှောင်ပုန်းနေကြရပါတယ်။