တောင်ကြီးမှာ မိုးကြီးမြေပြိုလို့ ၅ ဦးသေ၊ ၄ ဦး ဒဏ်ရာရ


2014.10.18
shanstate-5kill-305 ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အောက်တိုဘာလ ၁၇ ရက်ညနေပိုင်းက မိုးသည်းထန်စွာရွာပြီး မြေပြိုကျစဉ်
Photo: Kyaw Myo Tun/ RFA

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ မနေ့ညနေ ပိုင်းက မိုးသည်းထန်စွာရွာပြီး ကုန်းအမြင့်မှာရှိတဲ့ ၁၅ ပေမြင့် ခြံစည်းရိုးအုတ်တံတိုင်း ပြိုကျတာကြောင့် အနီးကလူနေအိမ်ကိုပိမိပြီး အိမ်ထဲမှာရှိတဲ့ လူ ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ခွာညိုလမ်း ရှိ နေအိမ်ပေါ်ပိမိခဲ့တာဖြစ်ပြီး အဲ့ဒီအုတ်တံတိုင်း ဟာ အောက်ခြေမခိုင်မာဘဲ ဆောက်လုပ်ထား တာဖြစ်တယ်လို့ အခင်းဖြစ်တဲ့နေရာကိုရောက်ရှိခဲ့တဲ့ ရှမ်းပြည်နယ် မီးသတ်ဦးစီးမှူး ဦးကြည်သိန်းက RFA ကို ပြောပါတယ်။

"ဖြစ်တာကတော့ ကျနော်တို့ မိုးသည်းထန်စွာရွာ တယ်ပေါ့၊ မိုးသည်းထန်စွာရွာတော့ ကျနော်တို့ဒီတောင်ခါးပန်းမှာ ကျနော်တို့အိမ်တည်ထားတာ အဲ့ဒီခါးပန်း ကမြေတွေပျော့တယ်အိတယ်၊ နောက်ပြီးတော့ဆောက်ထားတဲ့ အောက်ခြေအနေအထားတွေမခိုင်မာဘူး၊ မခိုင်မာတော့ မြေအိတဲ့အခါကျတော့ အပေါ်ကဝိတ်နဲ့ ရေစီးအားနဲ့လျောပါပြီးတော့ ပြိုကျတဲ့အနေအထား ပါဗျ၊ သေဆုံးဒဏ်ရာရတာကတော့ ပထမဆုံးရောက်ရောက်ချင်း ၁၀ မိနစ်လောက်အချိန်မှာ ၂ လောင်း ရတယ်၊ နောက်တစ်ခါ ၃၅ မိနစ်ပေါ့ ၁ လောင်းရတယ်၊ နာရီဝက်လောက်ကြာတဲ့အချိန်မှာ ၁ လောင်းထပ် ရတယ်၊ နောက်တစ်ခါကျတော့ ၁၅ မိနစ်ကြာတဲ့အချိန်မှာ ၁ လောင်းထပ်ရတယ်"

ဒဏ်ရာရရှိသူ ၄ ဦးကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ တင်ပို့ကုသထားပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

အဲ့ဒီနေအိမ်ဟာ သွပ်မိုးထရံကာတစ်ထပ်အိမ်ဖြစ်ပြီး နေအိမ်နောက်ဖက်ကအမြင့်ပေ ၂၀ ခန့်ရှိတဲ့ ကုန်းမြင့်မြေ သားထုပေါ်မှာ ၁၅ ပေအမြင့်ရှိ ခြံစည်းရိုးအုတ်တံတိုင်း ကာရံထားတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း အဲ့ဒီကျောင်းကြီးစုရပ်ကွက်က နေအိမ်တစ်ခုမှာအိမ်နောက်ဖေး အုတ်တံတိုင်းပြိုကျပြီး နေအိမ်ပေါ်ပိခဲ့တာကြောင့် လူနှစ်ဦးသေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။