တိုင်းနဲ့ပြည်နယ် ကိုးခုမှာ မိုးများမည်
2018.07.20
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ကိုးခုမှာ လာမယ့် သုံးရက်လောက်အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
လေဖိအားနည်းရပ်ဝန်းကြောင့် ကမ်းရိုးတမ်းဒေသနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးကြီးနိုင်ပြီး တောင်တရုတ် ပင်လယ်ပြင်က မုန်တိုင်းကနေ ထွက်လာတဲ့တိမ်တိုက်တွေကြောင့် ပြည်နယ်နဲ့တိုင်းဒေသတွေမှာ မိုးကြီးနိုင်တယ် လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးကျော်မိုးဦး က ပြောပါတယ်။
"လေဖိအားနည်းရပ်ဝန်းက ပိုပြီးတော့ အားကောင်းလာနိုင်တယ်ပေါ့နော်။ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မုတ်သုံလေအား အလွန်ကောင်းနေတာကြောင့် ဒေသအလိုက် နေရာကွက်မိုးကြီး တာတွေ ဖြစ်နိုင်ပါတယ်။ တောင်တရုတ်ပင်လယ်မှာ ပင်လယ်ကမ်းခြေကို ဖြတ်လာတဲ့ စမ်းတင့် မုန်တိုင်းပေါ့နော်။ သူရဲ့ တိမ်တိုက်အကြွင်းကျန်တွေက မြန်မာနိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်နေ တာမို့လို့ မြန်မာနိုင်ငံ တနိုင်ငံလုံး နေရာစိတ်စိတ်နဲ့ အနှံ့ပြား မိုးရွာနိုင်ပြီးတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ မိုးကြီးနိုင်ပါတယ်။"
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ ရခိုင်၊ ကမ်းရိုးတမ်းဒေသတွေဖြစ်တဲ့ တနင်္သာရီ၊ ကရင်၊ မွန် စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ် လို့ ပြောပါတယ်။
လေဖိအားနည်းရပ်ဝန်းဟာ မနက်ဖြန်လောက်မှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့လည်း ပြောပါတယ်။
ဧရာဝတီဖြစ်ရေဟာ ဟင်္သတာမြို့မှာ၊ ငဝန်မြစ်ရေဟာ သာပေါင်းမြို့မှာ နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်ကို တက်နိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။