စစ်တွေနဲ့ မောင်တောမှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရ

RFA Burmese
2023.12.05
စစ်တွေနဲ့ မောင်တောမှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရ မောင်တောတောင်ပိုင်း ရွှေရင်အေးကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည် အပိုင်းအစများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နဲ့ စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့  လက်နက်ကြီးကျည်ကြောင့် ဒီဇင်ဘာ ၄ ရက် တစ်နေ့တည်းမှာပဲ ဒေသခံတစ်ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒီဇင်ဘာ ၄ ရက် မနက် အစောပိုင်း လေးနာရီခန့်က စစ်တွေမြို့နယ် ပါတလိပ် ရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ချီလည်ပင်းရွာထဲ ကျရောက်ပေါက်ကွဲပြီး အသက် ငါးဆယ်အရွယ် ဦးညီညီ (ခေါ်) ဦးလှသိန်းထွန်းဆိုသူ ဦးခေါင်း ကျည်စထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
ရွာခံ ဦးအောင်ကျော်သန်းနဲ့ အဲဒီအိမ်မှာ စစ်ဘေးရှောင်ရောက်နေတဲ့ အမျိုးသမီးတစ်ဦး၊ ကိုယ်ရင်တစ်ပါးတို့ ဒဏ်ရာရခဲ့တာတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
 
“မနေ့က မနက်အရုဏ်တက် လေးနာရီလောက်မှာ စစ်တွေ ပါတလိပ်ဘက်က (၂၁၂) တပ်က လက်နက်ကြီး နှစ်ချက်ပစ်တယ်။ နှစ်လုံးပစ်တာမှာ ညီညီ (ခေါ်) လှသိန်းထွန်းအိမ်ကို တစ်လုံးကျပြီးတော့ သူကတော့ ခေါင်းကိုထိပြီး သေသွားတယ်။ နောက် ကိုရင်လေးတစ်ပါးနဲ့ အမျိုးသမီးတစ်ယောက်က လောလောဆယ် စစ်တွေက စစ်ဘေးရှောင်လာပြီးတော့ သူ့အိမ်မှာ တစ်ညအိပ်နေတာ။ သူတို့လည်း ဒဏ်ရာရသွားတယ်”
 
မနေ့ည ခုနစ်နာရီခွဲမှာလည်း မောင်တောမြို့နယ်တောင်ပိုင်း ရွှေရင်အေးရွာထဲကို လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲတာကြောင့် အသက် ခြောက်ဆယ်ကျော်အရွယ် ဒေါ်ခင်ရီ၊ အသက် ၂၅ နှစ်အရွယ် ဦးမောင်လှအေးနဲ့ သူ့ရဲ့ကိုယ်ဝန်ဆောင်ဇနီး အသက် ၂၂ အရွယ် ဒေါ်လှစိန်ဝင်းတို့ ဒဏ်ရရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အဲဒီလက်နက်ကြီးကို မောင်တောမြို့အဝင် မြို့သူကြီးမှာရှိတဲ့ နယ်ခြားစောင့် ရဲတပ်ရင်း နခခ (၅) ကနေ ပစ်လိုက်တာလို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။
 
“ဘယ်က ပစ်ရမှာလဲ။ ဒီနခခ (၅) ကနေ ပစ်တာပေါ့။ ဒဏ်ရာရသွားတယ် သုံးယောက်။ အဖွားကြီးတစ်ယောက်၊ ကိုယ်ဝန်နဲ့ ဒိုင်းနက်မိန်းကလေး တစ်ယောက်နဲ့ သူ့ယောက်ျား ဒဏ်ရာရသွားတာ”
 
စစ်ကောင်စီတပ်ဟာ ရွာအနီးမှာ တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့လည်း ဒေသခံတွေက ဆိုပါတယ်။
 
ဒီအပေါ်  RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့  ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
 
စစ်ကောင်စီတပ်ဟာ စစ်ဆင်ရေးနေရာတွေ မဟုတ်တဲ့လူနေရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် လေကြောင်း တိုက်ခိုက်မှုပါ လုပ်နေပြီး ရွာတွေကို မီးရှို့တာနဲ့ အရပ်သားကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေတယ်လို့  ဒီဇင်ဘာ ၃ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။
 
RFA က ပြုစုထားတဲ့ စာရင်းအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ ဒီဇင်ဘာလ ၄ ရက် အထိ အရပ်သား ၁၈ ဦး သေဆုံးခဲ့ပြီး ၇၅ ဦး ဒဏ်ရာရခဲ့ပြီ ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။