ဆန္ဒပြ ဟိန္ဒားသတ္တုတွင်း အလုပ်သမားတွေ ကော်မတီ ဖွဲ့စည်း
2014.11.15

တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာ မြို့နယ်ခွဲမှာရှိတဲ့ ဟိန္နားသတ္တုတွင်းမှာ ဆက်လက် ဆန္ဒပြနေတဲ့ အလုပ်သမား ၂၀၀ လောက်ဟာ အလုပ်ရှင် မြန်မာပွန်ပီပက်ကုမ္ပဏီနဲ့ ဆွေးနွေးနိုင်ဖို့ "ဟိန္ဒားအလုပ်သမားရေးရာ ကော်မတီ" ကို ဒီနေ့ ထားဝယ်မြို့မှာ ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီကော်မတီက အလုပ်ရှင်နဲ့ တွေ့ဆုံပြီး အလုပ်ရှင်နဲ့ အလုပ်သမားစာချုပ်ချုပ်ဆိုဖို့ ညှိနှိုင်းသွားမယ်လို့ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က ကိုလေးလွင်က ပြောပါတယ်။
"လုပ်နိုင်ကိုင်နိုင်တဲ့လူတွေနဲ့ ပူးပေါင်းပြီးတော့ ဒီအရေးကို ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် ဟိန္ဒားအလုပ်သမားရေးရာ ကော်မတီတစ်ခုဖွဲ့လိုက်တယ်၊ အင်္ဂါနေ့မှာ အလုပ်သမားခရိုင်ဦးစီးအရာရှိတို့ နဲ့ တွေ့မယ်၊ မူကြမ်းတောင်းမယ်"
ဒီဆန္ဒပြအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကတည်းက လုပ်ခလစာတိုးပေးဖို့၊ အချိန်ပိုကြေးတွေပိုပေးဖို့၊ ဆေးပေးခန်းတည်ဆောက်ပေးဖို့နဲ့ လမ်းတွေပြင်ပေးဖို့ အပါအဝင်အချက် ၇ ချက်နဲ့ ဆန္ဒပြတောင်းဆိုနေကြတာပါ။
ဆန္ဒပြအလုပ်သမားတွေ တောင်ဆိုထားတဲ့အချက်တွေထဲက လုပ်ခလစာအဖြစ် ကုမ္ပဏီက တစ်နေ့ကို ၁၅၀၀ ကျပ်တိုးပေးဖို့ သဘောတူခဲ့ပါတယ်။ အရင်က အလုပ်သမားတစ်ဦးရဲ့ နေ့စားလစာဟာ တစ်ရက် ၁၈၀၀ ကျပ်ကနေ ၃၈၀၀ ကျပ်အထိ ရရှိကြပါတယ်။
ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦးက သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။