တောင်ကြီးမြို့ မြေပြို မှုကြောင့် သေဆုံးသူများ ကူညီငွေ ပေးအပ်
2014.10.19

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ မြေပြိုမှုကြောင့် သေဆုံးခဲ့သူ မိသားစုဝင် ၅ ဦးနဲ့ ဒဏ်ရာရရှိသူလေးဦးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနတို့က ငွေကျပ်စုစုပေါင်း ၁၂ သိန်းခွဲ ဒီနေ့ ကူညီခဲ့တယ်လို့ သိရပါတယ်။
မိဘတွေသေဆုံးသွားတဲ့အပြင် ဒဏ်ရာရခဲ့တဲ့ ကျောင်း သားကျောင်းသူ ၃ ဦးရဲ့ဘဝရပ်တည်နိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကူညီပေးသွားမယ် လို့ ပြည်နယ်ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က ပြောပါတယ်။
"ကျနော်တို့ကတော့အခု ဒီလိုဖြစ်လာတဲ့အခါမှာ ကလေးတွေရဲ့ မိခင်၊ ဖခင်တွေကလည်းအကုန် လုံး ကွယ်လွန်သွားတဲ့ အနေအထားဖြစ်ပါတယ်၊ ဒီကလေးတွေရဲ့ ဆွေမျိုးသားချင်းတွေလည်းရှိတာပေါ့နော်၊ သို့သော်သူတို့အပိုင်းကနေပြီ ဘယ်လိုဆောင်ရွက်သွားချင်တဲ့ ဘယ်လိုမျိုးအနာဂတ်ကို ဘယ်လိုဆောင်ရွက်လိုတဲ့ဟာကို သူတို့အနေနဲ့ ကျနော်တို့ဆီမှာတင်ပြတဲ့အခါမှာ ကျနော်တို့အနေနဲ့အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးနိုင်တဲ့ အနေအထားလေးတွေရှိမှာပါ၊ ဘယ်လိုဆောင်ရွက်ပေးနိုင်တယ်၊ ဘယ်လိုကူညီနိုင်တယ်၊ ဘယ်လိုဖြစ် သင့်သလဲဆိုတာ ကျနော်တို့ ဒါဆောင်ရွက်သွားမှာဖြစ်ပါတယ်"
ပြည်နယ်အစိုးရအဖွဲ့က သေဆုံးသူ ၅ ဦးအတွက် တစ်ဦးကို ကျပ် ၁ သိန်းစီ၊ ဒဏ်ရာရရှိသူ ၄ ဦးအတွက် တစ်ဦးကိုကျပ် ငါးသောင်းစီ ထောက်ပံ့ခဲ့သလို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း သေဆုံးသူ ၅ ဦးအတွက် တစ်ဦးကိုကျပ် ၁ သိန်းစီနဲ့ အိမ်ပြန်လည်တည်ဆောက်ဖို့ ကျပ်ငါးသောင်းစီ ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်ညက တောင်ကြီးမြို့မှာ မိုးကြီးတဲ့အတွက် ကျောင်းကြီးစုရပ်ကွက်၊ ခွာညိုလမ်းက နေအိမ် တစ်အိမ်ပေါ်ကို အိမ်နောက်ဖေး ခြံစည်းရိုးအုတ်တံတိုင်း ပြိုကျခဲ့တာကြောင့် လူ ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တာပါ။
တောင်ကြီးမြို့မှာ လူနေအိမ်တွေပေါ် တောင်စောင်းအမြင့်ပေါ်မှာ ဆောက်လုပ်ထားတဲ့ အုတ်တံတိုင်း ပြိုကျတာ ၂ ကြိမ်ရှိနေပြီဖြစ်လို့ ရှမ်းပြည်နယ်အစိုးရက လူနေအိမ်တွေကို စစ်ဆေးသွားမယ်လို့ ပြောပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။