ဖမ်းဆီးခံ အမေရိကန်နိုင်ငံသား ရုံးထုတ်စစ်ဆေး


2019.05.07
hemp-mr-john-622 အမေရိကန်နိုင်ငံသား John Todoroki ကို မြင်းခြံခရိုင်တရားရုံးမှာ ၂ဝ၁၉ ခုနှစ် မေလ ၇ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်စဉ်။
Photo: AP

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်ရှိ မြေဧက ၂ဝ မှာ တိုင်းအစိုးရခွင့်ပြုချက်နဲ့ Hemp ခေါ် ဆေးဘက်ဝင် လျှော်ပင်စိုက်ပျိုးခဲ့တဲ့ အမေရိကန်နိုင်ငံသား John Todoroki ကို မန္တလေးတိုင်း ရဲတပ်ဖွဲ့က Marijuana ခေါ် ဆေးခြောက်ပင်တွေ စိုက်ပျိုးထားတယ်ဆိုပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးထားတဲ့အမှုကို မြင်းခြံခရိုင် တရားရုံးမှာ မနေ့က ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေးပြီး ရမန် ၂ ပတ်ယူကာ ဆက်လက်ချုပ်နှောင်ထားဖို့ တရားသူကြီးက အမိန့်ပေးလိုက်ပါတယ်။

ဂျွန်တိုဒိုရိုကီ နဲ့ 111M ကုမ္ပဏီက အလုပ်သမား ကိုရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုးတို့ကို ဧပြီလ ၂၃ ရက်နေ့ က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး စိုက်ခင်းကနေ Marijuana ဆေးခြောက်ပင် ၃ သိန်းခွဲနီးပါး တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ အစိုးရသတင်းစာမှာ ဖော်ပြခဲ့ပေမယ့် ဖမ်းဆီးခံနေရသူတွေရဲ့ ဥပဒေအကျိုးဆောင် ဦးခင်မောင်သန်းက အဲဒီစိုက်ခင်းတွေမှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ သရီးအမ် 111M Co. ကုမ္ပဏီက Hemp အပင်တွေသာ စိုက်ပျိုးထားကြောင်း၊ သက်ဆိုင်ရာ အစိုးရဌာနတွေအနေနဲ့ Marijuana လား Hemp လားဆိုတာ သေချာစွာ စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံမှာ Hemp စိုက်ပျိုးမှုကို ပိတ်ပင်ထားတဲ့ ဥပဒေမရှိကြောင်း ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

Hemp နဲ့ Marijuana သစ်ပင် ၂ မျိုးလုံးဟာ Cannabis အနွယ်ဝင်တွေဖြစ်သလို အပင်သဏ္ဍာန်တူပေမယ့် Hemp မှာပါဝင်တဲ့ CBD ဓါတ်ပေါင်းဟာ Marijuana မှာပါဝင်တဲ့ CBD ဓာတ်ပေါင်းလို မူးယစ်ဆေးဝါး အာနိသင်မရှိပါဘူး။ Hemp မှာပါဝင်တဲ့ CBD နဲ့ ထုတ်လုပ်တဲ့ ဆေးဝါးတွေဟာ ကမ္ဘာမှာ တနေ့တခြား အလွန်တွင်ကျယ်လာနေပြီး Hemp ဟမ့်သစ်ပင်စိုက်ပျိုးမှုဟာ တောင်သူလယ်သမားတွေကို ဝင်ငွေကြီးမားစွာ ရရှိစေတဲ့ လုပ်ငန်းဖြစ်ပါတယ်။ မြန်မာပြည်မှာ အဲဒီသစ်ပင်အမျိုးအစား နှစ်ခုကို ရှင်းလင်းစွာ သိရှိပုံမရဘူးလို့ AP သတင်းက ရေးပါတယ်။

မန္တလေးတိုင်း အစိုးရအဖွဲ့ကို မြို့သာစက်မှုဇုန်ဖွံ့ဖြိုးရေးကုမ္ပဏီ (MMID) က ၂ဝ၁၈ သြဂုတ်လ ၁ ရက်နေ့စွဲနဲ့ တင်ပြခဲ့တဲ့ စာမှာ အမေရိကန်ပြည်ထောင်စုက တင်သွင်းမယ့် United States (Kompolti/ AB seeds) နဲ့ EU (Kompolti/EU 8) မျိုးစေ့ အမျိုးအစား ၂ ခုကို သုံးစွဲပြီး အဲဒီဒေသမှာ 111 M သရီးအမ် ကုမ္ပဏီက Hemp ဆေးဘက်ဝင် လျှော်ပင်တွေ စမ်းသပ် စိုက်ပျိုးမယ့် အကြောင်း အတိအကျ ဖော်ပြထားသလို မန္တလေးတိုင်း အစိုးရအဖွဲ့ရဲ့ သြဂုတ်လ ၉ ရက်နေ့စွဲနဲ့ အကြောင်းပြန်စာမှာလည်း အဲဒီသစ်ပင်တွေကို စမ်းသပ်စိုက်ပျိုးခြင်း၊ အခြောက်ခံခြင်း၊ အဆီထုတ်ခြင်း၊ ထုပ်ပိုးခြင်းနဲ့ ပြည်ပသို့ တရားဝင် ပြန်လည်တင်ပို့ခွင့်တွေ ပြုလုပ်ရန် ခွင့်ပြုလိုက်ကြောင်း ဖော်ပြထားပါတယ်။

မနေ့က ရုံးချိန်းကို ကုမ္ပဏီအလုပ်သမားတွေ လာရောက်ပြီး ဖမ်းဆီးခံထားရသူတွေကို အားပေးခဲ့ကြကြောင်းနဲ့ အမှုကို လာမယ့် မေလ ၂၁ ရက်နေ့ ချိန်းဆိုလိုက်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။