လှိုင်သာယာက တရုတ်ဆံပင်တုစက်ရုံမှာ အလုပ်သမားတွေ ထောင်နဲ့ချီ ဆန္ဒပြ
2013.06.11
ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုှဇုန် ၄ မှာရှိတဲ့ ကိုရီးယားနဲ့ တရုတ်နိုင်ငံသားပိုင် Hi-Mo High-Art ဆံပင်တုစက်ရုံက အလုပ်သမား ၁၆ဝဝ ကျော်ဟာ ရှားပါးစရိတ် ကျပ်နှစ်သောင်းတိုးပေးဖို့ ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
အလုပ်သမားတွေဟာ မနေ့ကစလို့ စက်ရုံတွင်း မီးပိတ်ပြီး အလုပ်မလုပ်ပဲ အေးဆေးစွာနဲ့ တောင်းဆို ဆန္ဒပြနေကြတာလို့ အဲဒီစက်ရုံမှာ ဖွဲ့စည်းထားတဲ့ အလုပ်သမားတွေရဲ့ အမှုဆောင် ဥက္ကဌ မငြိမ်းငြိမ်းအိက RFA ကို ပြောပါတယ်။
"ကလေးတွေအားလုံးဟာ အခုအချိန်မှာ မီးပိတ်ပြီးတော့ တိတ်ဆိတ်စွာနဲ့နေနေတာကို ဒီလိုမျိုးပုံစံနဲ့ဆိုတော့ ညှိနှိုင်းမယ်လို့မပြောဘူးလေ၊ အလုပ်ပြန်လုပ်ပေး မီးဖွင့်ပေးရင်တော့ သူတို့ဘက်က ညှိနှိုင်းမယ်လို့ပြောတယ်၊ အခုကလေးတွေအားလုံးရဲ့ဆန္ဒကို မေးကြည့်ရတာပေါ့၊ ညီမတို့ရဲ့ဆန္ဒချည်းပဲ လုပ်လို့မရတဲ့အတွက်ကြောင့် စက်ရုံရဲ့ အေရုံ၊ ဘီရုံ ၂ ရုံစလုံးကိုခေါ်ပြီးတော့ အစည်းအဝေးပွဲလုပ်လိုက်တဲ့အခါမှာ သူတို့က သူဌေးက အခုသံရုံးမှာရောက်နေတယ်ဆိုတော့ ပြန်လာခဲ့၊ ပြန်လာပြီးတော့မှ တကယ်ညှိနှိုင်းမယ်ဆိုလို့ရှိရင် သူတို့ဘက်က သူဌေးပြန်လာရင် အချက်ပြပြီးတော့ မီးဖွင့်ပြီးတော့ အလုပ်လုပ်ကြည့်မယ်ပေါ့၊ ထွက်လာတဲ့အပေါ်မှာမူတည်ြ့ပီးတော့ ကောင်းခြင်းဆိုးခြင်းကို စောင့်ကြည့်မယ်၊ ဒီအဖြေက ကောင်းလာနိုင်တယ်ဆိုလို့ရှိရင်တော့ အလုပ်ကို အေးဆေးစွာနဲ့ လည်ပတ်သွားမယ်၊ အဖြေကမကောင်းခဲ့ဖူးဆိုရင်တော့ ဒီအခြေအနေထက် ဆိုးဝါးသွားနိုင်တယ်လို့ သူတို့ဘက်ကပြောတယ်"
Hi-Mo High-Art ဆံပင်တုစက်ရုံက အလုပ်သမားတွေဟာ အခြေခံလစာ တစ်လကို ၃ သောင်းကျော်သာ ရရှိတာဖြစ်ပြီး ရှားပါးစရိတ်အတွက် လစာကျပ်နှစ်သောင်း တိုးမြှင့်ပေးရေး၊ တစ်နှစ်မှာ ရှောင်တခင်ခွင့် ၆ ရက်၊ လုပ်သက်ခွင့် ၁ဝ ရက်၊ ဆေးခွင့် ၃ဝ ရက် ဥပဒေနဲ့အညီ ခံစားခွင့်ပြုရေး၊ အဆောင်နေ အလုပ်သမားတွေအတွက် မီး၊ ရေ လုံလောက်စွာစီစဉ်ပေးရေးစတဲ့ အချက်တွေအပါအဝင် အချက် ၁၆ ချက်ကို တောင်းဆိုနေတာ ဖြစ်ပါတယ်။
အလုပ်ရှင်ဖက်က တစ်စုံတစ်ရာ ညှိနှိုင်းမှုမရှိရင် အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုမှုတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ ပြောပါတယ်။