အစိုးရတပ်က ဖမ်းထားတဲ့သူတွေအရေး တရားရုံးချုပ်ကို တင်သွင်း
2012.02.02
အဖမ်းခံရသူတွေထဲက မိုးမောက်မြို့နယ် ခိုင်ပန်ကျေးရွာက မဆွန်လွတ်လွယ်ဂျာ အဖမ်းအဆီးခံရတာနဲ့ပတ်သက်လို့ လွှတ်တော်ကို တင်ပြ ထားတဲ့အကြောင်း ရှေ့နေဦးမာခါးက ပြောပါတယ်။
“ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရှေ့တော်သွင်း စာချွန်တော်အမိန့် လျှောက်ထားတာပါ။ ရှေ့တော်သွင်း စာချွန်လွှာဆိုတာက မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်ထားတာကို ရုံးကို စစ်ဆေးပြီးမှ လွှတ်ပေးဖို့ ကျွန်တော်တို့ တင်တာက ၂၆ ရက်နေ့ ကျမ်းကျိန်တာတွေလုပ်ပြီးမှ ၂၇ ရက်နေ့က အမှုကို လက်ခံလိုက်တယ်။ ဖေဖေါ်ဝါရီ ၉ ရက်နေ့မှာ နှစ်ဘက်လုံး လျှောက်လဲချက် တင်ရမယ်။ အဓိက ကတော့ သူတို့ မတရား ဖမ်းဆီးထားတယ်ဆိုတာ သေချာတယ်။ ဒါကြောင့် ဘာဖြစ်လို့ ဖမ်းတယ်ဆိုတာ သူတို့အနေနဲ့ ဆင်ခြေပေးမယ်။ ဘယ်လိုပဲ ပေးပေးပေါ့ဗျာ အမှန်ဆိုရင် အဲဒီ ၉ ရက်နေ့မှာ လူကို ထုတ်ပြရမယ် ခေါ်ခဲ့ရမယ်”။
တရားရုံးချုပ်က ဖေဖော်ဝါရီ ၉ ရက်ကို ရက်ချိန်း ပေးထားတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ကျရင် မဆွမ်လွတ်လွယ်ဂျာရဲ့ခင်ပွန်း ဦးဒေါင်လွန်းနဲ့ ခမရ ၃၂၁ တပ်က တာဝန်ရှိသူတွေ လျှောက်လဲချက် ပေးကြမယ်လို့ သူကပြောပါတယ်။
မဆွမ်လွတ်လွယ်ဂျာအပြင် သူ့ခင်ပွန်းနဲ့ ရွာသားတစ်ဦးတို့ကို မနှစ်က အောက်တိုဘာလ ကတည်းက မုပွန်တောင်ကုန်း အခြေစိုက် ခမရ ၃၂၁ က ရဲဘော်သုံးယောက်က ပြောင်းဖူးခင်းထဲကနေ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။ ကျန်သူတွေ ထွက်ပြေး လွတ်မြောက်ခဲ့ပေမယ့် မလွယ်ဂျာ ကတော့ မုပွန်တပ်စခန်းအထိ ဖမ်းဆီးခံရပြီး အခုအခါ ဘယ်ကို ရောက်နေမှန်းမသိ ပျောက်ဆုံးနေကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေတဲ့ မမိုင်းဂျာက ပြောပါတယ်။
“ဖမ်းသွားတဲ့နေ့က သူ့ကို နေပူဆာထုတ်လှမ်းတယ်။ ထုတ်လှမ်းတဲ့အချိန်မှာ စစ်သားတွေ ဝိုင်းပြီးနမ်းတာတို့ ဆွဲတာတို့ တွေ့ခဲ့တယ်။ ဒီနောက် အောက်တိုဘာလ ၃၁ ရက်နေ့က စပြီးတော့ မတွေ့ရတော့ဘူး။ သူ့ကို တွေ့လိုတွေ့ငြား မိသားစုဝင်တွေလည်း မုပွန်တပ် စခန်းနားအထိ သွားကြည့်တဲ့အချိန်မှာ တခြားအမျိုးသမီး ၃ ယောက်တော့ တွေ့သေးတယ်။ အဲဒီအထဲမှာ လွယ်ဂျာကတော့ မပါဘူးဆိုတော့ လွယ်ဂျာ ကတော့ပျောက်နေတယ်”။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ မလွယ်ဂျာကို ဖမ်းထားတဲ့ အမှုအပြင် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာက ကချင်အမျိုးသား ကိုဘရန်ဆိုင်းနဲ့ ကိုဇော်ဆိုင်းတို့ကို ခလရ ၃၇ တပ်က ဖမ်းဆီးထားတဲ့ အမှုကိုလည်း တစ်ပြိုင်တည်း တင်ထားတယ်လို့ ရှေ့နေ ဦးမာခါးက ပြောပါတယ်။