မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို

ကျင်းပ ပြီးစီးသွားတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ဆင်နွဲခဲ့ကြတဲ့အတွက် မြန်မာပြည်သူတွေကို ချီးကျူး ဂုဏ်ပြုပါကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hilary Clinton က တနင်္ဂနွေနေ့မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

2012.04.01
hilary_clinton_civil_society_305_z.jpg အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဝါရှင်တန် ဒီစီ မြို့တော် နိုင်ငံခြားရေးဌာနတွင် မြန်မာအပါအဝင် နိုင်ငံ ၂၀ ကျော်မှ လူထုအခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of US State Department)
(Photo: Courtesy of US State Department)

တဆက်ထဲမှာပဲ သူက မိမိတို့ အနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေကို ထောက်ခံအားပေးသွားဖို့ အသေအချာ ပိုင်းဖြတ်ထားကြောင်း၊ အစိုးရအနေနဲ့ပွင်လင်းမြင်သာအောင် ဆက်လက်ဆောင်ရွက်ဖို့လိုသလို၊ မဲမသမာမှုများနဲ့ ပတ်သက်လို့ကိုင်တွယ်ဆောင်ရွက်ဖို့ လိုကြောင်း ပြောဆိုပါတယ်။

Mrs Clinton က ဆီးရီးယားအရေး ဆွေးနွေးတိုင်ပင်တဲ့ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကို တူရကီနိုင်ငံမှာ တက်ရောက်နေခိုက် အခုလို ပြောဆိုတာပါ။

မြန်မာနိုင်ငံဟာ ရှေ့လျောက် ဘယ်လိုစခန်းသွားမလဲဆိုတာ ဘယ်သူမှ အာမခံချက် မပေးနိုင်ပေမဲ့ အစွမ်းကုန် ဖိနှိပ်တဲ့ အစိုးရတစ်ရပ်တောင် ပြုပြင်ပြောင်းလဲရေး ပြုလုပ်နိုင်တယ်။ ကန့်သတ်ပိတ်လှောင်ထားတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာတောင် ပွင့်ဟလာနိုင်တယ် ဆိုတာကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း နယူးယောက်မြို့၊ ကွင်းစ်မြို့နယ်က ဒီမိုကရက်တစ် ပါတီဝင် အောက်လွှတ်တော် အမတ် Joseph Crowley က ရွေးကောက်ပွဲမှာ အောင်ပွဲဆင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူး ဂုဏ်ပြုလိုက်သလို တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံ အခြေအနေကို အဖက်ဖက်က ရှုမြင်သုံးသပ်ရမှာ ဖြစ်ပြီး၊ အခုအချိန်ဟာ အပြည်ပြည်ဆိုင်ရာ မိသားစုအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဖိအားတွေကို အလျင်စလို ရုပ်သိမ်းရမဲ့အချိန် မဟုတ်သေးဘူးလို့ ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ဆက်ရှိနေသလို တိုင်းရင်းသား ဒေသတွေမှာ အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေပြီး၊ စစ်တပ်ဟာ အစိုးရအဖွဲ့မှာ ပါဝင်တဲ့ အရေအတွက်နဲ့ လွှမ်းမိုးနေရုံသာမက အစိုးရ တည်ဆောက်ပုံမှာပါ ကြိုးကိုင်ထားလျက်ရှိတယ်လို့ ပြောဆိုပါတယ်။

နှစ်ပေါင်းနှစ်ဆယ်ခန့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေရဲ့ အများစုဟာ အမေရိကန် ကွန်ဂရက်လွှတ်တော် ဥပဒေအရ အရေးယူဆောင်ရွက်တာဖြစ်ပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်ဟာ မြန်မာနိုင်ငံ အစိုးရနဲ့ သဘောထား ကွဲပြားသူတွေအပေါ် အချိန်ကြာမြင့်စွာကပဲ စာနာ ထောက်ထားမှုရှိခဲ့ပါတယ်။ ဒါပေမဲ့ တချို့ ကွန်ဂရက် လွှတ်တော်အမတ်တွေဟာ အရေးယူမှုတွေ လျှော့ပေးဖို့ ဆွေးနွေးလိုတဲ့ ဆန္ဒရှိတယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။