အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ သမ္မတ တွေ့ဆုံမယ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ဟာ သမ္မတကြီး ဦးသိန်းစိန်နဲ့ ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့မှာ မနက်ဖြန်တွေ့ဆုံမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

2012.07.12
hillary-clinton-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mrs. Hillary Clinton အမှာစကား ပြောကြားနေစဉ်။
photo:U.S Department of State

ကမ္ဘောဒီးယား Siem Reap မြို့မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးရဲ့ နောက်ဆက်တွဲ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့  တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

နှစ်ဖက် တွေ့ဆုံတဲ့အခါ ပြီးခဲ့တဲ့ ၂ ရက်က အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို လျော့ချပေးလိုက်တဲ့ကိစ္စ အဓိကထား ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

သမ္မတကြီး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ တိုးတက်မှုတွေ ဖြစ်လာအောင် ကြိုးပမ်းနေကြတာ တွေ့ရပါတယ်။ အစိုးရဘက်ကလည်း နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်လို့ အမေရိကန် သမ္မတ အိုဘားမား မနေ့က ထုတ်ပြန်လိုက်တဲ့ အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အပါအဝင် တခြား စီးပွားရေး လုပ်ငန်းတွေမှာ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ပြီလို့ အမေရိကန် အစိုးရက ခွင့်ပြုလိုက်ပေမယ့် တစ်ချိန်တည်းမှာလည်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စိုးရိမ်လျက် ရှိသေးတယ်လို့လည်း သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံမှာ ဒုတိယအဆင့် နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အကောင်အထည် ဖော်နေပြီ ဖြစ်တာကြောင့် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ဘဏ္ဍာရေး၊ စီးပွားရေး စတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ လိုအပ်ကြောင်း၊ ဒါမှသာ မြန်မာနိုင်ငံ လိုအပ်နေတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လမ်းပွင့်မှာ ဖြစ်ကြောင်း ဒီကနေ့ ပြောလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။