ဟိန္ဒူဘာသာဝင်တွေကို မောင်တောမြို့ကို ပြန်လည်ပို့ဆောင်
2017.12.04

ရခိုင်ပြည်နယ် မောင်တောဒေသမှာဖြစ်ပွားခဲ့တဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေးလာကြတဲ့ ဟိန္ဒူဘာသာဝင်တွေထဲက လူဦးရေ ၃၅၀ လောက်ကို အစိုးရက မနေ့က မောင်တောမြို့ကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
နောက်ဆုံးကျန်ရှိနေသေးတဲ့ အိမ်ထောင်စု ၅၀ ကျော်နဲ့ လူဦးရေ ၂၀၀ လောက်ကို မနက်ဖြန်မှာ မောင်တောမြို့ကို အပြီးပို့ဆောင်မှာဖြစ်တယ်လို့ စစ်တွေမြို့ ဓညဝတီဟိန္ဒူကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးဘုလှရွှေ က ပြောပါတယ်။
ဒုက္ခသည်တွေကို စစ်တွေမြို့ကနေ ဘူးသီးတောင်အထိ သင်္ဘောနဲ့ပို့ဆောင်ပြီး အဲဒီကနေ တစ်ဆင့် မောင်တောမြို့ ကို ကားတွေနဲ့တင်ဆောင်ပြီး ပို့ဆောင်တာလို့ သိရပါတယ်။
အဲဒီဒုက္ခသည်တွေကို မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ယာယီတဲတန်းလျားတွေနဲ့ လတ်တလော နေရာချ ထားပေးတယ်လို့လည်း သိရပါတယ်။
မနေ့က မောင်တောမြို့ကို ပြန်လည်ပို့ဆောင်လိုက်တဲ့ ဟိန္ဒူဘာသာဝင်တွေဟာ မောင်တောမြို့နယ်လေးမိုင် ၊ ရွှေစား၊ မြို့သူကြီး၊ ခမောင်းဆိပ်၊ ရဲဘော်ကျ စတဲ့ကျေးရွာတွေကဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းက အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဖြစ်စဉ်တွေအတွင်း စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိ လာကြတာဖြစ်ပါတယ်။
ဟိန္ဒူဘာသာဝင်တွေအနေနဲ့ နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ သူတို့ရဲ့ မူလနေရာတွေမှာ ပြန်လည်နေထိုင် လိုခြင်းမရှိတော့တာကြောင့် လုံခြုံရေးစိတ်ချရတဲ့ တိုင်းရင်းသားကျေးရွာတွေနဲ့ နီးစပ်တဲ့နေရာတွေမှာ ပြန်လည်နေ ရာချထားပေးဖို့ အစိုးရကို တင်ပြထားတယ်လို့ ဟိန္ဒူလူမှုကူညီရေးအဖွဲ့ခေါင်းဆောင် ဦးနီမော် က ပြောပါတယ်။