ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ ဟိန္ဒူတွေကို ပြန်ခေါ်ဖို့ ဆွေးနွေး


2017.11.04
hindus-refugees-622 ARSA အကြမ်းဖက်သမားတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနဲ့ ကလေး ၈ ဦး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာစဉ်
Photo: Information Committee

ရခိုင်ပြည်နယ် မောင်တောဒေသက အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးနေရတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပြန်ခေါ်ဖို့ စီစဉ်နေတယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

အဲဒီလို ပြန်ခေါ်ဖို့အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေပြီး ၁၉၉၃ ခုနှစ် နှစ်နိုင်ငံ သဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြန်ခေါ်မှာဖြစ်တယ်လို့ ဦးမြင့်ကြိုင် က ပြောပါတယ်။

"အကြမ်းဖက်ဖြစ်စဉ်လေးတွေ ဖြစ်ပွားပြီးနောက်ပိုင်းမှာ ဟိန္ဒူဘာသာဝင်တွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတာတွေ ရှိပါတယ်ဗျ။ သူတို့ကလည်း ဒီလိုပဲ ရိုးရိုးသားသား အကြမ်းဖက်ဖြစ်စဉ်တွေ အန္တရာယ်ကြောင့် ပြေးရတာဖြစ်တဲ့အတွက် သူတို့ကို ကျနော်တို့ရဲ့ မူအတိုင်း၊ ၉၃ မူအတိုင်းပေါ့နော် သေချာစိစစ်လက်ခံဖို့ အစီအစဉ်တော့ ရှိပါတယ်ဗျ။ အဲဒါကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီးတော့ ညှိနှိုင်းဆောင်ရွက်နေပါတယ်ခင်ဗျ"

ရခိုင်အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် မောင်တောဒေသက ဟိန္ဒူဘာသာဝင် ၄ ထောင် ဝန်းကျင်လောက် နေရပ် စွန့်ခွာ ထွက်ပြေးနေရတာဖြစ်ပြီး အဲဒီအထဲက ၅၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ အကြမ်းဖက်မှုဖြစ်စဉ်တွေအတွင်း ဟိန္ဒူဘာသာဝင် ၅၂ ယောက် သေဆုံးပြီး ၁၉၀ ကျော် ပျောက် ဆုံးနေတယ်လို့လည်း အစိုးရက ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ သြဂုတ်လ ၂၅ ရက်နေ့က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခံခဲ့ရတာ ဖြစ် ပါတယ်။ အဲဒီ တိုက်ခိုက်မှုနောက်ပိုင်းမှာ မောင်တောဒေသမှာ နေထိုင်သူအတော်များများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြ ရတာဖြစ်ပါတယ်။

ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်လူမျိုးတွေနဲ့ ဟိန္ဒူဘာသာဝင် အများစုကတော့ စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင် မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး ဟိန္ဒူဘာသာဝင်အချို့နဲ့ မွတ်စလင်တွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။