ဟိန္ဒူဘာသာဝင်တွေကို နေရာချထားဖို့ စီစဉ်


2018.08.03
hindus-refugees-sittwe-622 မောင်တောဒေသကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဟိန္ဒူကလေးငယ်တွေနဲ့ လူကြီးတွေကို စစ်တွေမြို့မှာ တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ယာယီကယ်ဆယ်ရေးစခန်းတွေမှာ မှီခိုနေရတဲ့ ဟိန္ဒူဘာသာဝင်တွေကို မောင်တောမြို့အနီးက ကျေးရွာတွေမှာ နေရာချထားဖို့ စီစဉ်နေပါတယ်။

ရွှေစားကျေးရွာအုပ်စု အောင်ဗလရွာအနီးမှာ နေအိမ် ၁၄၀ ကျော် ဆောက်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဟိန္ဒူလူမှုကူညီရေး အဖွဲ့ခေါင်းဆောင် ဦးနီမော် က ပြောပါတယ်။

"အောင်ဗလမှာ အိမ်ဖောင်ဒေရှင်းတွေဘာတွေချထားတယ်၊ ၁၄ဝ ရှိပါတယ်၊ အိမ်အားလုံးပေါ့၊ ကျန်တဲ့လူတွေကို ဒီအနီးအနားမှာတော့ အခု ကျနော်တို့ ဟိန္ဒူရွာနဲ့ကပ်လျက်ပြီးတော့မှ ၄၂ လုံးလောက်ဆောက်မယ်လို့ပြောတယ်၊ အိမ်ပျက်စီးပြီး မီးလောင်ခံရတဲ့လူတွေရော ဒီမှာ ၄၂ လုံး ဟိုမှာ ၁၄၈ လုံးဆိုတော့ အားလုံး ၁၉ဝ ပေါ့"

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ရဲဘော်ကျ၊ ခမောင်းဆိပ် စတဲ့ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဟိန္ဒူဘာသာဝင်တွေဟာ မောင်တောနဲ့ စစ်တွေမြို့တွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

လက်ရှိအချိန်အထိ အိမ်ထောင်စု ၃၀၀ လောက်နဲ့ လူဦးရေ ၁၂၀၀ ကျော်ဟာ မောင်တောမြို့နဲ့ စစ်တွေမြို့တွေမှာ မှီခိုနေကြတာဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ကျေးရွာတွေ ဆုံးရှုံးခဲ့ရသူတွေအတွက် အိန္ဒိယအစိုးရက နေအိမ် ၂၅၀ လှူဒါန်းထားပြီး အဲဒီအိမ်တွေကို ရွှေဇား၊ ကြိမ်ချောင်းနဲ့ နံ့သာတောင်ကျေးရွာတွေမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေ ပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကတော့ အစိုးရအနေနဲ့ ပြန်လည်နေရာချထားရေးဆောင်ရွက်နေရာမှာ ဟိန္ဒူဘာသာဝင်တွေအတွက်သာ မဟုတ်ဘဲ အားလုံးအတွက်ကို ဆောင်ရွက်နေတာ ဖြစ်တယ်လို့ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။