ဟင်္သာတမြို့မှာ တင်းမာမှု ဖြစ်ပေါ်ခြင်းကို သံဃာတော်များ ကြားဝင် ဖြန်ဖြေပေးခဲ့

ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ သြဂုတ်လ ၂၇ ရက်နေ့ ညက ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား အခိုက်အတန့် တင်းမာမှု ဖြစ်ပွားခဲ့ပေမယ့် မြို့ပေါ်ရှိ သံဃာတော်များရဲ့ ကြားဝင် ဖြန်ဖြေမှုကြောင့် အခြေအနေဟာ အေးအေးချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

2011.08.28
hinthada-305 ဧရာဝတီတိုင်း ဟင်္သာတမြို့။ (image: wikipedia)
Wikipedia

ဖြစ်ပုံမှာ ၂၇ ရက် ည ၈ နာရီခန့်က ဟင်္သာတမြို့ ဥယျာဉ်တောင်ရပ် ဗလီကျောင်းအနီး ဗိုလ်မြတ်ထွန်းလမ်းပေါ်မှာ ဆိုင်ကယ်စီးလာသူ နှစ်ဦးနဲ့ စက်ဘီးစီးလာသူ နှစ်ဦးတို့ မတော်တဆ ထိခိုက်မိရာကနေ စကားများပြီး ခိုက်ရန်ဖြစ်ပွားခဲ့မှုက စတင်ခဲ့တာလို့ စုံစမ်း သိရှိရပါတယ်။

အခင်းဖြစ်ပွားရာမှာ ပါဝင်တဲ့ အစ္စလာမ်ဘာသာဝင် နှစ်ဦးက အနီးရှိ ဗလီထဲ ဝင်ပြေးသွားလို့ မကျေနပ်တဲ့ လူတစုက တာလေး၊ ဝတ်တန်း၊ ရွှေကူ၊ ဥယာဉ်တောင်ရပ်ကွက်တွေက လူထုကို ခေါ်ဆောင်ပြီး ဗလီရှေ့မှာ သွားရောက် စုရုံးခဲ့တယ်လို့ သိရပါတယ်။ မျက်မြင်သက်သေ ဟင်္သာတ ဒေသခံတဦးက ..

“ဖြစ်စဉ်က အမှုမှန် မပေါ်ပေါက်မှာ စိုးလို့ တောင်းဆိုတဲ့သဘောပါ။ ရိုက်မယ်ပြုမယ် ထုတ်ပေး၊ လက်စားချေမယ်လို့ တယောက်မှ မပြောပါဘူး။ ပြန်ခိုင်းလို့တော့ မပြန်ဘူး၊ ထိုးတဲ့ တရားခံ ၅ ယောက်လုံးကို ဖော်ပေး၊ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ ဗမာဘက်က တောင်းဆိုတယ်။ သူတို့တောင်းဆိုတာကို ဘာသာရေး ခေါင်းဆောင်ပေါ့၊ ဗလီက ကော်မတီတွေကလည်း ခွင့်ပြုတယ်”

ညသန်းခေါင်ယံ အချိန်အထိ လူစု မကွဲတဲ့အတွက် ဟင်္သာတမြို့သာသနာ့ဗိမာန် ကျောင်းတိုက်မှ သံဃာတော်နှစ်ပါး ဦးဆောင်ပြီး ကြားဝင် မေတ္တာရပ်ခံကြလို့ လင်းအားကြီး တနာရီခွဲခန့်မှာ လူစုကွဲသွားတယ်လို့ သိရှိရပါတယ်။

“အေးအေးချမ်းချမ်းပဲ ပြန်သွားပါတယ်။ ရမ်းရမ်းကားကား ဘာသာရေး အဓိကရုဏ်း ပုံစံမျိုး ဖြစ်မသွားပါဘူး။ ခရိုင်ရဲတပ်ဖွဲ့မှူးကတော့ ပြဿနာဖြစ်တဲ့ ဝတ်ကျောင်းမှာ တပ်ဖွဲ့အင်အား အပြည့်နဲ့ တညလုံး စောင့်နေတာပေ့ါ”

အခင်းဖြစ်ပွားမှုကြောင့် ဟင်္သာတ ခရိုင်တွင်းရှိ ရဲစခန်းတွေက ရဲတပ်ဖွဲ့ဝင်တွေနဲ့ခလရ (၁၈) က တပ်ဖွဲ့ဝင်တွေ ဟင်္သာတမြို့ကို ညတွင်းချင်း လာရောက်ပြီး လုံခြုံရေး ယူထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-09-05 08:49

အခုအချိန်မှာ လူထု ပိုညီညွတ်ရမယ့်အချိန် အရေးကြီးတဲ့အချိန်ဖြစ်နေပါတယ်။ဒီအချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ပယောဂတွေ သပ်လျှိုသွေးခွဲမှုတွေကို နိုင်ငံရေးအသိနဲ့ရှောင်ရှားကြစေချင်ပါတယ်။ဘာ ဘာသာဝင်ပဲဖြစ်ဖြစ် အားလုံးဟာမြန်မာပြည်သူတွေပါ။နိုင်ငံရေး အကဲဆတ်နေချိန်မှာ ပြည်သူတွေအမှားမလုပ်မိဘို့ ညီညွတ်ကြဖို့တိုက်တွန်းချင်ပါတယ်။