ကဗျာဆရာသစ္စာနီနဲ့ အဆိုတော်ရသ၊ လူမှုရေးအသင်းထူထောင်
2011.07.10
ကဗျာဆရာ သစ္စာနီကို အကြီးအမှူးထားပြီး ‘ကုသလ ပရဟိတ’ လူမှုရေးအသင်းကို ဒီနေ့ လူငယ် ၁ဝ ဦးလောက်နဲ့ စတင် ဖွဲ့စည်းလိုက်တာပါ။ အသင်းရဲ့ နာယက ကဗျာဆရာ သစ္စာနီကို RFA က မေးမြန်းကြည့်ရာမှာ …
“နာမည်လေးကိုတော့ ကျနော်တို့ ‘ကုသလ ပရဟိတ သမဂ္ဂ’ လို့ အမည်ပေးထားပါတယ်။ အတိုကောက်ကတော့ ‘ကပသ’ ပေါ့နော်။ ပါဝင်တာကတော့ ကျနော်က လူငယ်တွေကိုလည်း ချစ်တယ်၊ လူငယ်တွေ လုပ်တာကိုလည်း အားပေးချင်တာပေါ့နော်။ နောက် ဒါလူမှုရေး အဖွဲ့အစည်းလေးလည်း ဖြစ်တယ်၊ ကျနော်ကိုယ်တိုင်ကလည်း ပရဟိတလုပ်ငန်းကို စိတ်ပါဝင်စားမှု ရှိပါတယ်။ ဒါကြောင့် လူငယ်တွေကို အားပေးတဲ့ အနေနဲ့ ဝင်ပြီးပါရတာပါ”
အသင်းရဲ့ အတွင်းရေးမှူးအဖြစ် ကိုသားဇော်က ဆောင်ရွက်မှာဖြစ်ပြီး လောက၊ အောင်ဖြိုးဝေ၊ ယူကိုလတ်၊ အဆိပ်ဝိုင်၊ ရွက်ဝါ၊ လွမ်းနေသူ၊ ကြွေရိုး၊ အေးအေးမို့ စတဲ့ အင်တာနက်အွန်လိုင်း ကဗျာဆရာတွေလည်း ပါဝင်ပါတယ်။
အဖွဲ့အစည်းရဲ့ သဘောသဘာဝကို အဆိုတော် ကိုရသ က အခုလို ပြောပါတယ်။
“နံပါတ် (၁) ပေါ့နော် နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်။ နံပါတ် (၂) ဘယ်ဘာသာ ဘာညာ မဖြစ်ရဘူး၊ အဲလိုမျိုး ခွဲခြားမှု မရှိရဘူး။ မြန်မာနိုင်ငံသားတိုင်းအတွက် ဖြစ်ရမယ်ဆိုတဲ့ အဖွဲ့လေး၊ ပရဟိတ အဖွဲ့လေးမျိုးပေါ့နော်။ ပထမဆုံးကတော့ ဒီလို အနည်းဆုံး အသေးဆုံး လိုအပ်ချက်လေးတွေက အစ စလုပ်သွားမှာပါ။ အရင်ဆုံး ကြီးကြီးမားမားကြီး မလုပ်နိုင်ရင်တောင် ပညာရေးလေးတွေ လုပ်မယ်။ နောက်ပြီးတော့ နေမကောင်းဖြစ်နေတဲ့ ဆရာ စာရေးဆရာကြီးတွေရှိမယ်။ အဲလိုမျိုးတွေကို ကျနော်တို့ ထောက်ပံ့မယ်။ အဲလိုမျိုးတွေ ကျနော်တို့လုပ်မှာပါ”
အင်တာနက် အွန်လိုင်းပေါ်ကနေပြီး လူငယ်တွေက စတင် စိတ်ကူးရ၊ အခြေတည်လာခဲ့တာ ဖြစ်ပြီး အခု ဖွဲ့စည်းသူတွေဟာ အသက် ၂၃ နှစ်အရွယ် တွေလို့လည်း ကိုရသက ပြောပါတယ်။
“လူငယ်တွေ၊ အွန်လိုင်းမှာတွေ့တဲ့ လူငယ်တွေကပဲ လုပ်ထားကြတာလေ။ ရှေ့အရင်တွေက သူတို့ဘာသာ စပြီးတော့ run ထားကြတာပေါ့။ အခုက ကျနော့်ကို သူတို့က ဒါလေးချပြတာ၊ ဦးဆောင်ပေးပါဆိုပြီးတော့။ သူတို့ အခုလုပ်နေကြတယ် ဆိုတာက တလ ၃ ထောင်နဲ့ အသင်းဝင်ကြေးပေါ့နော်။ အဲဒါ သူတို့တွေ စုစု၊ စုစု ထားပြီးတော့ အဲလိုစုထားပြီး သွားကြတာခင်ဗျ”
သူတို့ရဲ့ ပထမဆုံးလုပ်ငန်းစဉ်ကို အခုအပတ်အတွင်းမှာပဲ သစ်ပင်စိုက်တာ၊ ဝါဆိုသင်္ကန်း ကပ်လှူတာတွေနဲ့ စတင်မယ်လို့လည်း ဆိုပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုအောင်မြတ်စိုး သတင်းပေးပို့ထားတာကိုလည်း နားဆင်နိုင်ပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |