ကျူးကျော်တွေအတွက် အရစ်ကျ ဝယ်ယူခွင့်နဲ့ တိုက်ခန်းပေါင်း တစ်သောင်းနီးပါး ဖော်ဆောင်မည်
2016.11.16

ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှန်တကယ် နေအိမ်မရှိတဲ့ ကျူးကျော်နေထိုင်သူတွေအတွက် အရစ်ကျဝယ်ယူခွင့် နဲ့ တိုက်ခန်းပေါင်း ၁ သောင်း နီးပါး ဖော်ဆောင်ပေးသွားမယ်လို့ ဒီနေ့ တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဖြေကြားခဲ့ကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။
တိုင်းအတွင်းက ကျူးကျော်တွေအတွက် အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်ထားတဲ့အခြေအနေကို က ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က မေးခွန်းမေးမြန်းရာမှာ ပြန်လည်ဖြေကြား ခဲ့တာဖြစ်ပါတယ်။
ကျူးကျော်အရေအတွက်နဲ့ တိုက်ခန်းအရေအတွက် လုံလောက်မှုရှိအောင် အစိုးရအဖွဲ့နဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေ ပူးပေါင်းဖြေရှင်းဖို့ လိုအပ်တယ်လို့ ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။
တိုင်းအစိုးရအဖွဲ့က ကျူးကျော်တွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးသွားမယ် လို့လည်း သိရပါတယ်။ အမှန်တကယ် နေစရာမရှိသူတွေမဟုတ်ဘဲ စီးပွားဖြစ်သဘောမျိုး ကျူးကျော်နေထိုင်သူတွေကို စာရင်းအပြီးအစီး ကောက်ယူပြီးနောက်ပိုင်းမှာ အရေးယူသွားမယ်လို့လည်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန် ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ကျူးကျော်စာရင်းတွေကို ကောက်ယူခဲ့တာမှာ ကျူးကျော် မိသားစုပေါင်း ၁ သိန်းခွဲကျော် ရှိနေတယ်လို့ ပြော ပါတယ်။