အငြိမ်းစားဝန်ထမ်းတွေ အိမ်ရာအတွက် အသနားခံစာတင်


2016.09.17
hlaing-house-620.jpg ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်က စက်မှုရိပ်သာ အိမ်ရာဝန်းကို တွေ့ရစဉ်
Photo: Wai Phyo Thu (facebook)

လာမယ့် အောက်တိုဘာလကုန်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်က စက်မှုရိပ်သာ အိမ်ရာဝန်းကနေ ဖယ်ရှားပေးရတော့မယ့် အငြိမ်းစားနဲ့ တာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းတွေက နိုင်ငံတော်သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ဆက်လက်နေထိုင်ခွင့်ပြုဖို့ အသနားခံစာ တင်ပြထားပါတယ်။

အခန်း ၂ဝဝ ကျော်မှာ နေထိုင်သူတွေ စုပေါင်းပြီး လက်မှတ်ရေးထိုး တင်ပြထားတယ်လို့ အရင်လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကနေ အငြိမ်းစားယူထားသူ ဦးထန်းဘူး က ပြောပါတယ်။

"တစ်ခြားနေရာသွားဖို့ဆိုတာ အိမ်ခန်း ငှားဖို့ဝယ်ဖို့ဆိုတာ အငြိမ်းစားတွေက ဘယ်လိုမှ မတတ်နိုင်ပါဘူး၊ အခက်အခဲရှိပါတယ်၊ ကျွန်တော်တို့က နိုင်ငံတော်အကြီးအကဲများကို လက်မှတ်ထိုးတင်တာက ၂ဝဝ လောက်ရှိတယ်၊ တစ်ခန်းမှာ တစ်ယောက်ကထိုးတယ်၊ နေစရာမရှိပါဘူး၊ သွားစရာမရှိပါဘူး၊ သက်သက်ညှာညှာ စဉ်းစားပေးပါဆိုပြီးတော့ တင်ထားပါတယ်၊ သမ္မတကို တစ်စောင်၊ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ကို တစ်စောင် ကျွန်တော်တို့ ဒီလ ၇ ရက်နေ့မှာ တင်ထားတယ်"

စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ထံကိုလည်း အသနားခံစာတွေ ပေးပို့ ထားပါတယ်။

အဲ့ဒီအိမ်ရာဝန်းမှာ တိုက် ၁၃ တိုက်ရှိပြီး တိုက်ခန်းပေါင်း ၂၇၂ ခန်းနဲ့ လူဦးရေ ၁ ထောင်ကျော် ရှိပါတယ် ။ နေထိုင်နေသူတွေဟာ အရင်က လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ စက်မှု ၁ ဝန်ကြီးဌာန စတဲ့ဝန်ကြီးဌာနတွေကနေ အငြိမ်းစားယူထားသူတွေနဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ကတစ်ကြိမ် ၁၅ ရက်နေ့မှာ တစ်ကြိမ် သတိပေးစာတွေ ပေးပို့ထားပြီး မပြောင်းရွှေ့ပေးရင် ဥပဒေအရ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

၁၉၆၄ ခုနှစ်က စက်မှုဝန်ကြီးဌာနပိုင်မြေပေါ်မှာ အိုးအိမ်ဦးစီးဌာနက တိုက်ခန်းတွေ ဆောက်လုပ်ခဲ့တာဖြစ် ပြီး နေထိုင်သူတွေဟာ အိုးအိမ်ဦးစီးဌာနကို လစဉ်တိုင်း လခပေးသွင်း နေထိုင်နေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။