လှိုင်သာယာ သောင်ကြီးရဲစခန်း ဗုံးပစ်လောင်ချာနဲ့ တိုက်ခိုက်ခံရ
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က သောင်ကြီးရဲစခန်းကို နိုဝင်ဘာ ၂၀ ရက် ဒီနေ့မနက်ပိုင်းက M 79 ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ ဒေသကာကွယ်ရေးအဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။
လှိုင်သာယာမြို့နယ် အနော်ရထာလမ်းမကြီးပေါ်က သောင်ကြီးရဲစခန်းမှာ ဒီနေ့မနက် ၇ နာရီ ၄၀ မိနစ် က အလံရှေ့ စုဝေးအလေးပြုနေချိန် ပစ်ခတ်ခဲ့တာလို့ လှိုင်သာယာ CGF HTY နဲ့ Spring Revolution Flames (SRF) တို့က ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရှိနိုင်တယ်လို့ဖော်ပြထားပြီး RFA အနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အတည်မပြုနိုင်သေးပါဘူး။
M 79 ဗုံးပစ်လောင်ချာဟာ အဲဒီလောင်ချာကိုခါးချိုးပြီး ကျည်ဖြည့်သွင်းရသလို တစ်ချက်ချင်း ပစ်ခတ်ရတဲ့ ဗုံးပစ်လောင်ချာဖြစ်ပါတယ်။
အဲဒီ ဗုံးပစ်လောင်ချာကို ၁၉၆၁ ခုနှစ်က အမေရိကန်နိုင်ငံက စတင်အသုံးပြုခဲ့သလို လက်ရှိ မြန်မာစစ်တပ်မှာလည်း အသုံးပြုနေတဲ့ ဗုံးပစ်လောင်ချာအမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။