လှိုင်သာယာ အလုပ်သမား ၂၀၀၀ ဆန္ဒပြ
2012.02.06

(Photo: freeforcountry.blogspot.com)
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွက် လုပ်ခလစာတွေ အလုပ်ရှင်က ဖြတ်တောက်တဲ့အတွက် ဆန္ဒပြတာလို့ ဆန္ဒပြ အလုပ်သမားတွေအရေး ကူညီပေးနေသူ ကိုသန်းက ဆိုပါတယ်။
“ဇန်နဝါရီလမှာ ပေးရမယ့် လုပ်ခတွေထဲက လုပ်ခ တစ်သောင်းကျော်ကျော်လောက် အဖြတ်ခံရတယ်။ အဲဒါကို မကျေနပ်ပြီး ပြသာနာတက်တာ။ အခုလုပ်ခလစာ ပြန်ရအောင် ပြန်တောင်းကြတာပဲ အဓိကက။ အခုပြတာတော့ ဒီမှာ နှစ်ထောင်သုံးရာ နှစ်ထောင့်လေးရာလောက် ပါလိမ့်မယ်”
ဇန်နဝါရီလမှာ လွတ်လပ်ရေးနေ့ အပါအဝင် အစိုးရ တရားဝင် အလုပ်ပိတ်ရက် ၅ ရက်ရှိပြီး အလုပ်ရှင်ဖက်က တရုတ် နှစ်သစ်ကူးရက်လည်း ပိတ်ခဲ့ပါတယ်။ အဲဒီလို ပိတ်ရက်တွေများလို့ဆိုပြီး အလုပ်ရှင်က အလုပ်သမားတွေရဲ့လုပ်ခကို ဖြတ်တောက်ခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။ ဆန္ဒပြ အလုပ်သမား တွေဟာ မနက် ၁၀ နာရီခန့်မှာ လူစု ခွဲလိုက်ပေမယ့် မနက်ဖြန်ဆက်ပြီး ဆန္ဒပြဖို့ရှိတယ်လို့ ဆိုပါတယ်။ လတ်တလောအနေနဲ့ တာဝန်ရှိသူတွေလည်း လာရောက်ခြင်း မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
အခုလို အလုပ်သမားတွေ ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်လို့ အာအက်ဖ်အေက တိုင်ရီဖိနပ်စက်ရုံကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားတွေဟာ မနှစ်က ဖေဖေါ်ဝါရီလအတွင်းမှာလည်း အချိန်ပိုလုပ်ခ တိုးမြှင့်ပေးရေး အပါအဝင် အလုပ်သမား အခွင့်အရေးတွေအတွက် ၃ ရက်ကြာ ဆန္ဒပြ တိုက်ပွဲဝင်ခဲ့ဖူးပါတယ်။