လှိုင်သာယာတွင် လူတစ်စုက သေနတ်နဲ့ ပတ်ခတ်တိုက်ခိုက်တာကြောင့် တစ်ဦး သေဆုံး
2018.09.26
လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာမှာ နေထိုင်တဲ့ လူမိုက် ဝါးကြီး ခေါ် ခင်မောင်လွင် ဆိုသူကို လူတစ်စုက ဒီနေ့ နေ့လည်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် သေဆုံးသွားတယ်လို့သိရပါတယ်။
အဲ့ဒီပစ်ခတ်မှုဟာ နေ့လည် ၁၁ နာရီခွဲလောက်က လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်းအပိုင် အပြင်ပဒံကျေးရွာ က ဆန်စက်တစ်ခုဘေးမှာ နေထိုင်တဲ့ ဝါးကြီး ခေါ် ခင်မောင်လွင် ဆိုသူရဲ့နေအိမ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူတစ်စု ကားနဲ့ လာပစ်ခတ်သွားတာပါ။
အဲ့ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သောင်ကြီးနယ်မြေ ရဲစခန်းကို RFA ဆက်သွယ်ခဲ့မေးမြန်းခဲ့ရာမှာ စစ်ဆေးနေဆဲ ဖြစ်တယ်လို့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဖြေကြားခဲ့ပါတယ်။
သေနတ်နဲ့ပစ်ခတ်ထွက်ပြေးသွားသူတွေထဲက တစ်ယောက်ကို ပစ်ခတ်မှုဖြစ်ပွားပြီး ၂ နာရီခန့်အကြာ တွံတေး ကားလမ်းဘက်မှာ ဖမ်းမိခဲ့ပြီး ကျန်သူ ၄ ဦးကိုလည်း ညနေပိုင်းမှာ ဆက်လက် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
သေဆုံးသူ ဝါးကြီးဆိုသူမှာ လှိုင်သာယာမြို့နယ်က လူမိုက်ဖြစ်တယ်လို့ ပြောဆိုနေကြပြီး အခုလို အသတ်ခံ ရတာဟာလည်း ငွေကြေးပြဿနာကြောင့် ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
ဝါးကြီးဟာ ဦးခေါင်း၊ နောက်စေ့နဲ့ နားထင်မှာ သေနတ်ဒဏ်ရာတွေ ထိမှန်ပြီး နေရာမှာပဲ သေဆုံးခဲ့လို့ အလောင်းကို အင်းစိန်ဆေးရုံကို ပို့ဆောင် စစ်ဆေးနေတယ်လို့ သိရပါတယ်။