အချိန်ပိုခိုင်းပြီး အချိန်ပိုကြေးမပေးလို့ အလုပ်သမား ၃ဝဝ ဆန္ဒပြ
2015.10.23

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ( ၄ ) မှာရှိတဲ့ Lucky Shoes ဖိနပ်စက်ရုံမှာ အချိန်ပိုခိုင်းစေမှုတွေ ရှိပြီး အချိန်ပိုကြေးမပေးတာကြောင့် အလုပ်သမား ၃ဝဝ လောက်က မနေ့က ဆန္ဒပြနေကြပါတယ်။
အရင်က ထုတ်လုပ်ပေးနေကျ ဖိနပ်အရေအတွက်ထက်ပိုပြီး လုပ်ခိုင်းတာတွေ ရှိနေသလို အလုပ်ချိန် ၈ နာရီကျော် သွားတာကို အချိန်ပိုကြေးမပေးတဲ့အတွက် ဆန္ဒပြတာဖြစ်တယ်လို့ အလုပ်သမား မစန္ဒာအောင်က ပြောပါတယ်။
"အလုပ်သမားတွေကို အတင်းအဓမ္မခိုင်းနေတယ်လေ၊ ဖိနပ်အရံအရေအတွက် ဝန်ထမ်းတွေက ၂ဝ လောက်ပဲ လုပ်နိုင်တယ်ဆိုရင် အလုပ်ရှင်က ၃ဝ ရအောင်လုပ် မရဘူးဆိုရင် မပြန်ရဘူး၊ အရံအရေတွက်ပြည့်အောင်လုပ် မပြန်တဲ့အချိန်နာရီကို အချိန်ပိုကြေးပေးပါဆိုတော့လည်း အလုပ်ရှင်ကမပေးဘူး၊ အဲ့ဒီလိုမပေးလို့ ဝန်ထမ်းတွေ ကပြန်မယ်ဆိုရင် နောက်နေ့အလုပ်ဆင်းရင် သတိပေးလက်မှတ်ထိုးခိုင်းတယ်၊ ဝန်ထမ်းတစ်ယောက်က လုပ်နိုင်တဲ့အတိုင်းအတာအထိလုပ်မှာပေါ့၊ သူ့ရဲ့ခွန်အားနဲ့ သူကြိုးစားပမ်းစားလုပ်တယ် မခိုမကပ်ဘဲနဲ့ လုပ်လိုက်တဲ့အရံအရေအတွက်ကိုပဲ ဝန်ထမ်းတွေကလုပ်ချင်တယ်၊ သူတို့ဘက်ကမဖြစ်နိုင်တဲ့ အရံအရေ အတွက်ကို မတောင်းဆိုဘဲနဲ့ အဲ့ဒီအရံအရေအတွက် နှုန်းထားတွေကို လျော့ချပေးဖို့တောင်းဆိုကြတာပါ"
ဒါ့အပြင် တစ်ရက် လုပ်အားခ ကျပ် ၃၆ဝဝ သတ်မှတ်ပြီးနောက်ပိုင်း စက်တင်ဘာလကုန်ကစပြီး အလုပ်သမားတွေ ကို အရင်ပေးနေကျဖြစ်တဲ့ လုပ်သက်ကြေး၊ ထောက်ပံ့ကြေး၊ ရှားပါးစရိတ် စတာတွေကို မပေးတော့တဲ့အတွက် အရင်လိုပြန်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။
Lucky Shoes ဖိနပ်စက်ရုံဟာ ပြည်တွင်းမှာပဲ ဖြန့်ချိရောင်းချတာဖြစ်ပြီး အလုပ်သမားအားလုံးနီးပါးက ဆန္ဒပြနေ ကြတာဖြစ်တယ်လို့ သိရပါတယ်။