လူနေအိမ်တွေ အင်အားသုံးမဖယ်ရှားဖို့ ကုလကျွမ်းကျင်သူတွေ တိုက်တွန်း
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ကျုးကျော်အိမ်တွေကို ဖျက်ဆီးပြီး အင်အားသုံးဖယ်ရှားနေတာ ချက်ချင်း ရပ်ဆိုင်းလိုက်ဖို့ မြန်မာစစ်ခေါင်းဆောင်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင် ရာ ကျွမ်းကျင်သူတွေက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
စစ်တပ်လုပ်ရပ်တွေဟာ နိုင်ငံတကာဥပဒေအရ တရားမဝင်ဘူးလို့လည်း ပြောပါတယ်။
ဖယ်ရှားခံလိုက်ရသူတွေကို တခြားအစားထိုးနေထိုင်စရာ ပေးရမှာဖြစ်ပြီး လိုအပ်တဲ့ အစားအသောက်၊ အဝတ်အထည်၊ ရေနဲ့ သန့်ရှင်းရေး ဝန်ဆောင်မှုတွေပေးရမယ်လို့ ပြောပါတယ်။
အဓမ္မဖယ်ရှားတာဟာ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့လည်း ပြောပါတယ်။
စစ်အုပ်ချုပ်ရေးဥပဒေနဲ့ ပဋ္ဋိပက္ခအခြေအနေကို နားလည်ပေမယ့် နိုင်ငံတကာ ပြစ်မှုဥပဒေအရ အဓမ္မ ဖယ်ရှားတာ၊ နေရပ်ရွှေ့ပြောင်းတာနဲ့ နှင်ထုတ်တာတွေကို ပြစ်တင်ရှုတ်ချတယ်လို့ ပြောပါတယ်။
လျော်ကြေးတစ်စုံတစ်ရာမရဘဲ အောက်တိုဘာ ၂၈ ရက်မှာ မိသားစု ၈၀၀၀ လောက် အိုးအိမ်မဲ့သွားတယ်လို့ ပြောပါတယ်။ လက်နက်ကိုင်ထားတဲ့ စစ်သားတွေ၊ ရဲတွေနဲ့ စည်ပင်အလုပ်သမားတွေနဲ့ ဘူဒိုဇာတွေ စစ်ထရပ် ကားတွေ ဝင်ရောက်လာပြီး အိမ်တွေကို ဖျက်ဆီးတယ်လို့ ဆိုပါတယ်။ မိသားစုအတော်များများက ဖမ်းဆီးခံ ရမှာ ဒါမှမဟုတ် စစ်သားတွေက ရိုက်နှက်မှာကို စိုးရိမ်ပြီး နေအိမ်တွေကို ညကတည်းက ဖျက်ထားတယ်လို့ ပြောပါတယ်။
လှိုင်သာယာမြို့နယ်နဲ့ ရန်ကုန်တိုင်းက အခြားမြို့နယ်တွေက ကျူးကျော်ရပ်ကွက်တွေကိုလည်း ဆက်လက် ဖျက်ဆီးတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေကပြောပါတယ်။ နေထိုင်စရာ အပါ အဝင် လူတိုင်း အဆင့်ရှိရှိနေထိုင်ရမယ့် အခွင့်အရေးရှိတဲ့အကြောင်းလည်း ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက အိုးအိမ်အခွင့်အရေးနဲ့ အဆင့်အတန်း မခွဲရေးဆိုင်ရာ အထူးကိုယ်စားလှယ်၊ ပြည်တွင်းနေရပ် ရွှေ့ပြောင်းသူများဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ အလွန်းအမင်း ဆင်းရဲနွမ်းပါးမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တို့ ပါဝင်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကျွမ်းကျင်သူတွေသူတွေက အဓမ္မ မဖယ်ရှားဖို့ မြန်မာစစ်ခေါင်းဆောင်ကို တိုက်တွန်းလိုက်တာပါ။