လှိုင်သာယာက ကျူးကျော်တွေကို စစ်တပ်က အင်အားသုံး ဖယ်ရှား

လှိုင်သာယာမြို့နယ် ရန်ကုန် - ပုသိမ် လမ်းမကြီးတလျှောက်က ကျန်နေတဲ့ ကျူးကျော်တဲတွေကို နိုဝင်ဘာလ ၁ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေက ဘူဒိုဇာ အပါအဝင် အင်အားအများအပြားနဲ့ လာရောက် ဖျက်ဆီးနေတာကြောင့် လမ်းတွေအားလုံး ပိတ်နေတယ်လို့ လှိုင်သာယာ ဒေသခံတွေက ပြောပါတယ်။
“ဘုရင့်နောင်တံတားကိုလည်း မနက်ကတည်းက ပိတ်ထားတယ်၊ ကားတွေရော၊ လူတွေရော အဆင့်မြင့် မှတ်တိုင်ကနေ စပိတ်ပြီး စက်မှုဇုန်ထဲ အကုန်ချိုးခိုင်းတာ၊ အောင်ဇေယျ တံတားဘက်မှာလည်း အကုန် ပိတ်၊ ဘယ်လိုမှ သွားမရဘူး” လို့ လှိုင်သာယာ ဒေသခံက ပြောပါတယ်။
ဒီနေ့ဟာ စက်ရုံတွေဖွင့်ချိန်ဖြစ်လို့ အလုပ်သမားထောင်နဲ့ချီ အလုပ်သွားချိန် ဘယ်မှသွားလို့ မရအောင် ပိတ်မိနေပြီး သွားလာရခက်ခဲနေတယ်လို့လည်း ဒေသခံက ဆိုပါတယ်။
စစ်ကား၊ ရဲကား၊ စည်ပင်သာယာကား အပါအဝင် အင်အားအများအပြားနဲ့ လာရောက်ဖျက်ဆီးနေတာဖြစ်ပြီး ဓာတ်ပုံနဲ့ ရုပ်သံမှတ်တမ်းရိုက်ကူးသူတွေကိုလည်း ဖမ်းဆီးမယ်လို့ ကြေညာနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ရန်ကုန် - ပုသိမ်လမ်းမကြီးတလျှောက်မှာရှိတဲ့ ကျူးကျော်တဲတွေကို အောက်တိုဘာလ ၂၈ ရက်နေ့ နောက်ဆုံးဖျက်ကြဖို့ စစ်ကောင်စီဘက်က ကြေညာထားပြီး ဒီနေ့မနက်မှာတော့ အင်အားအများအပြားနဲ့ ဝင်ရောက်ဖယ်ရှားနေတာဖြစ်ပါတယ်။