လှည်းကူးမှာ လယ်ဧက ၂ သောင်းကျော် ရေမြုပ်
2014.08.16

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းက ရွာပေါင်း ၄၀ ကျော်လောက် ရေကြီးရေလျှံနေပြီး လယ်ဧကပေါင်း ၂၀၀၀၀ ကျော်လောက် ရေနစ်မြုပ်နေ တယ်လို့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ရေဘေးဒုက္ခသည်တွေရဲ့ ကျန်းမာရေးနဲ့ လယ်ယာမြေတွေ ပြန်လည်စိုက်ပျိုးလို့ရတဲ့အထိ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဦးဖြိုးမင်းသိန်းက အခုလို ပြောပါတယ်။
"ရေနစ်နေတဲ့ စိုက်ဧကတွေပေါ့နော်၊ ဘယ်ရပ်ကွက်တွေမှာ နစ်နေသလဲ၊ ဘယ်လိုဖြစ်နေ သလဲဆိုတဲ့ အခြေအနေတွေကို ကျနော်တို့ စာရင်းကောက်ခံပါတယ်၊ ကျနော်တို့မြို့နယ်မှာ အုပ်စု ၅၇ အုပ်စုရှိတယ်၊ ၄၄ အုပ်စုလောက် ရေနစ်ခံနေရ တယ်ပေါ့ဗျာ၊ အဲဒီအခြေအနေတွေပေါ်မှာ လယ်ဧကပေါင်း နှစ်သောင်းကျော်လောက် ရေနစ်နေ တယ်၊ စိုက်ပျိုးရေး ပြန်လည်လုပ်နိုင်ဖို့ အကူအညီတွေပေးနိုင်ဖို့ ဒီရေနစ်ရေလျှံမှုနဲ့အတူ ပေါ်လာနိုင်တဲ့ ကူးစက်ရောဂါတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အထောက်အကူပြုနိုင်ဖို့အတွက်ပါ"
အကူအညီပေးနိုင်ဖို့အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လှည်းကူးမြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့တို့ဟာ လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ မနေ့က အစည်းအဝေး လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လလောက်က မိုးသည်းထန်စွာရွာသွန်းပြီး လှည်းကူးမြို့နယ်အတွင်းက ကျေးရွာအတော်များများ မှာ ရေကြီးရေလျှံတာနေတာဖြစ်ပါတယ်။ လက်ရှိရွာတချို့မှာ ရေပြန်ကျနေပြီဖြစ်ပေမယ့် ရေပြန်မကျသေးတဲ့ ရွာတွေလည်း ရှိနေသေးတာကြောင့် စာသင်ကျောင်းတချို့ ပိတ်ထားရဆဲဖြစ်တယ်လို့ သိရပါတယ်။