ခဲသတ္တုတူးဖော်ရေးလုပ်ငန်း လွှတ်တော်ကော်မတီ စစ်ဆေး


2017.10.09
hluttaw-committee-lead-mine-622 ဆီဆိုင်မြို့နယ် လုံးဒါကျေးရွာအနီးက ခဲသတ္တုတူးဖော်ရေးလုပ်ငန်းကို အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ အောက်တိုဘာလ ၈ ရက်နေ့က သွားရောက်စစ်ဆေးစဉ်
Photo: U Tun Tun Oo (facebook)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် မဲနယ်တောင်တန်းကြီးပေါ်က လုံးဒါကျေးရွာအနီးမှာ ခဲသတ္တုတူးဖော်ရေး လုပ်ငန်းကို အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီက မနေ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။

ဒေသခံတွေရဲ့ တိုင်ကြားမှုတွေကြောင့် သွားရောက်စစ်ဆေးတာဖြစ်ပြီး ဒေသခံတွေသုံးနေတဲ့ ရေတွေထဲမှာ ခဲဆိပ်သင့်ခြင်း ရှိ မရှိ စစ်ဆေးဖို့အတွက် ရေနမူနာတွေ ယူခဲ့တယ်လို့ အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီဝင် ဦးထွန်းထွန်းဦး က ပြောပါတယ်။

"အနီးပတ်ဝန်းကျင်ကျေးရွာတွေက သူတို့သုံးတဲ့ ချောင်းရေလေ၊ ပချားကလို့ ဆိုတဲ့ချောင်း၊ အဲဒီချောင်းရေက ခဲသတ္တုထုတ်တဲ့ ကုမ္ပဏီတွေကြောင့် လျော့နည်းသွားလို့ဆိုပြီး တိုင်လို့ပါ၊ နောက်အဲဒီချောင်းရေထဲမှာ ခဲဆိပ်သင့်မှာ သူတို့စိုးရိမ်တယ်ပေါ့နော်၊ ကျနော်တို့ကတော့ ရေနမူနာယူလာလိုက်တယ် ဓါတ်ခွဲစမ်းသပ် မယ်ပေါ့နော်"

အဲဒီခဲသတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ချောင်းရေခမ်းခြောက်မှုတွေရှိသလို ခဲဆိပ်သင့်မှာကို စိုးရိမ်ကြတယ်လို့ ဒေသခံတွေက လွန်ခဲ့တဲ့ ၃ လလောက်က ကော်မတီထံ တိုင်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။  မနေ့က သွားရောက်စစ်ဆေးမှုအရ ချောင်းရေခမ်းခြောက်နေတာ မတေ့ွရဘူးလို့လည်း ဆိုပါတယ်။

ခဲသတ္တုတူးဖော်ရာကနေ ထွက်လာတဲ့ရေတွေကို ပြန်သန့်စင်ပြီး ချောင်းထဲကို စွန့်ပစ်ရာမှာ ရေစစ်ကန်ကို ၄ ဆင့်ထားရှိစစ်ဆေးဖို့ ညွှန်ကြားထားခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ တိုင်ကြားမှုကြောင့် အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ဦးကျော်သီဟ အပါအဝင် ၆ ဦး သွားရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။