မကွေးမြို့က အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင် ပြန်လွတ်
2023.04.07

မကွေးတိုင်း၊ မကွေးမြို့က အင်ဂျင်နီယာ ကျောင်းသား ကိုလျှံဖြိုးအောင်ဟာ ဧပြီ ၇ ရက် ဒီကနေ့မှာ မကွေးမြို့ ဒေါင်းနေအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို အတည်ပြု ပြောပါတယ်။
ကိုလျှံဖြိုးအောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီရဲ့ အင်အားသုံးဖြိုခွင်းမှုကြောင့် ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတချို့ ဆုံးရှုံးခဲ့သူ တစ်ဦးပါ။
"ကျနော် လွတ်ပါပြီ။ ဆေးကုသဖို့ စီစဉ်မှာမလို့ အားလုံးကျေးဇူးပါ" ဆိုပြီး လွတ်မြောက်လာတဲ့ ဓာတ်ပုံနဲ့အတူ ကိုလျှံဖြိုးအောင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြီးခဲ့တဲ့ နာရီပိုင်းက အသိပေးထားပါတယ်။
အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ကိုလျှံဖြိုးအောင်ကို လိုအပ်တဲ့ ဆေးကုသမှုတွေ ဆက်လုပ်မယ်လို့ သူ့ရဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
"ပြန်လွတ်လာတာ ဟုတ်ပါတယ်။ နေ့လယ် ၁၂ ကျော်လောက်က လွတ်တာပါ။ အခုတော့ အိမ်ရောက်ပါပြီ၊ လိုအပ်တဲ့ ဆေးကုသမှုတွေ ဆက်လုပ်ရမယ်။ လွတ်ရက်စေ့လို့ ပြန်လွတ်တာတော့ မဟုတ်ပါဘူး။ ဒီအတိုင်း ညှာတာထောက်ထားပြီး ပြန်လွှတ်ပေးတာလို့ပဲ ပြောချင်ပါတယ်"
စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာနဲ့ မျက်ကြည်လွှာ ပျက်စီးတာအပြင် ကျန်းမာရေးအခြေအနေ ဆိုးရွားခဲ့တာကြောင့် ဆေးကုသမှုတွေ ဆက်လုပ်သွားမယ်လို့ သူက ဆိုပါတယ်။
အသက် ၂၀ ကျော်အရွယ် ကိုလျှံဖြိုးအောင်ဟာ မကွေးနည်းပညာ တက္ကသိုလ် မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်ကို တတ်ရောက်နေတဲ့ ဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် မကွေးအကျဉ်းထောင် အထူးတရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်နေ့က ထောင်သုံးနှစ် ချမှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။