မှော်ဘီလေတပ်ကို တိုက်ခိုက်ခဲ့ကြောင်း PDF ပြော
2024.10.10

ရန်ကုန်မြို့က မှော်ဘီလေတပ်စခန်းကို Type 63 ရှော့တိုက်ဒုံး နှစ်လုံးနဲ့ စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Civilian Military (Sagaing Region Defense Force - SRDF) အဖွဲ့က RFA ကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် K8W အမောင်းသင် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးဂိုဒေါင် ထိခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အခုတိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေဟာ မြန်မာပြည်အထက်ပိုင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ ညွှန်ကြားချက်နဲ့ ရန်ကုန်မြို့ပေါ်မှာလည်း မြို့ပြပျောက်ကြားလှုပ်ရှားမှုတွေ လုပ်နေတာလို့ Civilian Military- SRDF အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
မှော်ဘီလေတပ်အနီး နေထိုင်သူတစ်ဦးကတော့ မနေ့ညက ပေါက်ကွဲမှုဖြစ်တဲ့အချိန် စစ်ကောင်စီတပ်က လာရောက် စစ်ဆေးတာတွေ ရှိခဲ့တယ်လို့ RFA ကို ပြောပါတယ်။
“ပေါက်ကွဲသံတော့ကြားလိုက်တယ်၊ လုံခြုံရေးတွေ ရောက်လာတယ်။ အဲဒါညကပါ။ အခုမနက်တော့ ပုံမှန်ပါပဲ၊ ကျွန်တော်တို့ ပြည်သူတွေက ပေါက်ကွဲမှုတွေကြားရင် အရင်ကသာ ကြောက်လန့်နေခဲ့ရတာ၊ အခုကတော့ မထူးတော့ဘူး”
စစ်ကောင်စီတပ်က စစ်ဆေးစဉ် မှော်ဘီလေတပ်အနီး ဘက်ထရီအိုးတချို့လည်း သိမ်းဆည်းရမိတယ်လို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရန်ကုန်တိုင်းထဲမှာ ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသူတွေ ရန်ကုန်တိုင်းထဲ စိမ့်ဝင်မလာဖို့နဲ့ တိုက်ခိုက်တာတွေ မလုပ်နိုင်ဖို့ မပြတ်စောင့်ကြည့်ရမယ်လို့ အောက်တိုဘာလ ၈ ရက်နေ့မှာ ပြောထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာတော့ ရန်ကုန်မြို့မှာ စစ်ကောင်စီခန့်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေကို လုပ်ကြံသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ် ၁၂ ဦးနဲ့ ရန်ကုန်မြို့က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။