နှမ်းခါးရွာထဲ စစ်တပ်စခန်းချတပ်စွဲထား၊ ဒီမနက် နေအိမ်တွေ မီးလောင်နေ

2021.12.18
နှမ်းခါးရွာထဲ စစ်တပ်စခန်းချတပ်စွဲထား၊ ဒီမနက် နေအိမ်တွေ မီးလောင်နေ ၂၀၂၁၊ စက်တင်ဘာလအတွင်းက စစ်ကောင်စီတပ်သားတွေ မီးရှို့သွားတဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာက နေအိမ်တစ်လုံးကို တွေ့ရစဉ်
Photo: Citizen Journalist

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းချတပ်စွဲနေကြပြီး ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက် မနက်မှာ နေအိမ်တွေ မီးလောင်ကျွမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာထဲကိုလည်း ပြန်မဝင်ရဲတာမို့ အိမ်ဘယ်နှစ်လုံး လောင်နေပြီလဲဆိုတာ အသေးစိတ် မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိမ်ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။

"မနက် ၇ နာရီလောက်က မီးရှို့နေတယ်။ စစ်သားအချို့ကတော့ တောင်ခင်ရန်းရွာဘက်ကို ထွက်သွား တယ်။ ရွာထဲမှာ စစ်သားတွေရှိနေသေးလား၊ မရှိတော့ဘူးလားဆိုတာကို မသိရသေးဘူး၊ ရွာထဲကို မိုင်းတွေ ထောင်ထားခဲ့မှာလည်း ကြောက်တော့ ရွာကို မကပ်ရဲကြသေးဘူး၊ သူတို့ဝင်တဲ့ နှစ်ရက်အတွင်း ရွာက ၁၇ ယောက်လောက် သေတယ်။ ဘယ်သူတွေလဲဆိုတာကိုတော့ အသေးစိတ် မသိရသေးဘူး"

စစ်ကောင်စီတပ်သားတွေဟာ ဒီဇင်ဘာ ၁၇ ရက်နေ့ကတည်းက အဲဒီရွာကို လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် အင်အားတစ်ရာလောက်နဲ့ ရွာထဲမှာတပ်စွဲနေတာမို့ နှမ်းခါးနဲ့ အနီးတစ်ဝိုက်က ရွာပေါင်း လေးရွာက ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း နှမ်းခါးရွာက နေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့ပြီး ဒီကနေ့ အထိဆို ၁၂ ကြိမ်ထက်မနည်း ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ရွာကို မီးရှို့ဖျက်ဆီးတာ ရွာသားတွေ အသတ်ခံရတယ်လို့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ယောဒေသထဲမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတာမို့ ဂန့်ဂေါ-ကလေး ကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ယော PDF အဖွဲ့က ဒီနေ့ သတိပေးထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။