နယ်စပ်လုံခြုံရေး ဆွေးနွေးဖို့ ပြည်ထဲရေးဝန်ကြီး ဘင်္ဂလားဒေ့ရှ်သွား
2018.02.15

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အတွက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီနေ့ မနက်ပိုင်းက ထွက်ခွာသွားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ပါတယ်။
အဲဒီအဖွဲ့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက ကိုယ်စားလှယ် ၁၂ ဦး လိုက်ပါသွားတယ်လို့လည်း ရေးသားထားပါတယ်။
ဒီခရီးစဉ်အတွင်း မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး ဖွင့်လှစ်မယ့်ကိစ္စတွေကို ဆွေးနွေးညှိနှိုင်းသွားမယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို အဲဒီကိုယ်စားလှယ်အဖွဲ့ သွားရတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကတည်းက ပြန်လည်လက် ခံရေးတွေ စတင်နေပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံဘက်ကို လက်ရှိအချိန်အထိ တစ်ယောက်မှ ပြန်မလာတဲ့ကိစ္စနဲ့ ပတ်သက်နေတယ်လို့ သတင်းတွေထွက်နေပေမယ့် အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒါပေမဲ့ ဒုက္ခသည် ပြန်လည်လက်ခံရေးကိစ္စတွေကို ဆောင်ရွက်နေတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေတော့ ကိုယ်စားလှယ်အဖွဲ့မှာ မပါဝင်ပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့စခန်းတွေ တိုက်ခိုက်ခံရမှု ဖြစ်စဉ်နောက် ပိုင်းမှာ ရခိုင်ပြည်နယ် မောင်တောဒေသက ဒေသခံ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်၊ ဟိန္ဒူဘာသာဝင်တွေနဲ့ မွတ်စလင်တွေ ဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။
အဲဒီအထဲက ဟိန္ဒူဘာသာဝင် အနည်းစုနဲ့ မွတ်စလင် အများစုဟာ တဘက်ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။
အဲဒီ ဒုက္ခသည်တွေကို နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ပြန်လည်ခေါ်ယူဖို့ စီစဉ်ထားပေမယ့် ပြန်လည်လက်ခံရေး စတင်ချိန် ၃ ပတ်ကျော်ကြာတဲ့အထိတော့ တစ်ဦးတစ်ယောက်မှ ပြန်လာတာ မရှိသေးတာဖြစ်ပါတယ်။