လက်လုပ်မိုင်းပြုလုပ်တဲ့ ပစ္စည်းတွေ တေ့ွရှိ
2017.12.06

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူစေတီကျေးရွာအနီးမှာ လက်လုပ်မိုင်းပြုလုပ်ဖို့ ပြင်ဆင် ထားတဲ့ ကားပီစတင်တွေနဲ့ သံပိုက်အပိုင်းအစ ၁၀၀ နီးပါးလောက် မြေကြီးထဲမှာ သိမ်းဆည်းမြှုပ်နှံထားတာကို တပ်မတော်က မနေ့က သိမ်းဆည်းရမိခဲ့ပါတယ်။
အမျိုးသမီးတွေ ဟင်းစားခူးရင်းကနေ စတင်တွေ့ရှိခဲ့တာလို့ ကျောက်ပန္ဒူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဝေ က ပြောပါတယ်။
"ကျနော်တို့ရွာက ကောင်မလေးတွေ ဟင်းသွားရှာတာ၊ ငှက်ပျောတောမှာ ငှက်ပျောပင်တွေ သွားခုတ်ကြတာ၊ အဲဒီဟင်းသွားရှာရင်းနဲ့ နွားရုံဘေးနားမှာ ကျင်းရှိတယ်၊ အဲဒါကျင်းမှာ ဘာလဲမသိဘူး သူတို့က မယုံသင်္ကာဖြစ် ပြီးတော့ မြေကြီးယက်ကြည့်ကြတယ်၊ အဲဒါနဲ့တွေ့တာပေါ့၊ အကုန်လုံးကတော့ ၉၇ လုံး အကြီးရော အသေးရောပေါ့"
ပလက်စတစ်ပေပါပုံးကြီးနှစ်လုံးအပြင် အခြားအိတ်တစ်လုံးနဲ့သိမ်းဆည်းပြီး မြေကြီးထဲမှာ မြှုပ်နှံထားတာ ဖြစ်တယ်လို့ သိရပါတယ်။
မနေ့ကသိမ်းဆည်းရမိတဲ့ ကားပီစတင်နဲ့ သံပိုက်တွေထဲမှာ ဖောက်ခွဲမှုတွေပြုလုပ်ဖို့အတွက် ယမ်းတွေထည့်ထားခြင်း မရှိသေးဘူးလို့လည်း ဆိုပါတယ်။
ကျောက်ပန္ဒူစေတီကျေးရွာဟာ မွတ်စလင်တွေ နေထိုင်ခဲ့တဲ့ကျေးရွာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လတွင်းကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း မွတ်စလင်တွေ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာကြောင့် လက်ရှိမှာ လူသူကင်းမဲ့တဲ့ကျေးရွာတစ်ခု ဖြစ်နေတယ်လို့သိရပါတယ်။
အဲဒီကျောက်ပန္ဒူစေတီကျေးရွာအနီးမှာပဲ အစွန်းရောက်အကြမ်းဖက်သမားတွေ ပြုလုပ်ထားတယ်လို့ ယူဆရတဲ့ လူလုပ်လိုဏ်ဂူတစ်ခုကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့တယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ရေးကော်မတီက ကြေညာထားပါတယ်။