အလုပ်သမားရာချီ နစ်နာကြေးမပေးဘဲထုတ်ခဲ့တဲ့ Honeys အထည်ချုပ်စက်ရုံ ထပ်တိုးဖွင့်ဖို့ရှိ

2022.08.07
အလုပ်သမားရာချီ နစ်နာကြေးမပေးဘဲထုတ်ခဲ့တဲ့ Honeys အထည်ချုပ်စက်ရုံ ထပ်တိုးဖွင့်ဖို့ရှိ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှ ဂျပန်နိုင်ငံသားပိုင် Honeys Garment 1 အထည်ချုပ် စက်ရုံ အလုပ်သမားများ ၂၀၁၇ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: RFA

အလုပ်သမား ၄၀၀ ကျော်ကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ခဲ့တဲ့ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံဟာ အခုဩဂုတ်လအတွင်း မြန်မာနိုင်ငံမှာ တတိယမြောက် စက်ရုံသစ်တစ်ခု ထပ်ဖွင့်ဖို့ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

အဲဒီစက်ရုံဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြကြတဲ့ အလုပ်သမား ၄၀၀ ကျော်ကို အလုပ်ကထုတ်ပယ်ခဲ့ပြီး အလုပ်သမားအရေး လှုပ်ရှားသူ တစ်ဦးကိုလည်း အရေးယူတာတွေရှိခဲ့တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေ က ပြောပါတယ်။

ဒါကြောင့် နောက်ထပ်စက်ရုံအသစ် ထပ်မံဖွင့်လှစ်မယ့်အပေါ် ကန့်ကွက်မှုတွေ လုပ်သွားမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးက RFA ကို ပြောပါတယ်။

"အရင်ကတည်းက အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ ပိုင်ရှင်က စက်ရုံအသစ် ထပ်ဖွင့်လည်း ထပ်ချိုးဖောက်မှာပဲ။ နိုင်ငံရေးမတည်ငြိမ်တဲ့ အခုလိုကာလမှာ ပိုဆိုးမှာ ပေါ့။ အခုချိန်က အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတာမို့လို့ အလုပ်သမားတွေက အလု အယက် သွားလျှောက်ကြမှာပဲ။ ဒါပေမဲ့ ကျမတို့အနေနဲ့ ကန့်ကွက်မှုတွေ စလုပ်နေသလို ဆက်ကန့်ကွက်သွားဖို့လည်း ပြင်ဆင်နေပါတယ်"

အဲဒီစက်ရုံကနေ နစ်နာကြေး သိန်းပေါင်းနှစ်သောင်းနီးပါးပေးဖို့ တရားစွဲဆိုခံထားရသူဟာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

Honeys အထည်ချုပ်စက်ရုံ (၁) နဲ့ (၂) ဟာ မင်္ဂလာဒုံမြို့နယ်ထဲမှာ လွန်ခဲ့တဲ့ သုံးနှစ်ကျော် ကတည်းက ဖွင့်လှစ်ထားပြီး စက်ရုံနှစ်ခုပေါင်း အလုပ်သမား အင်အား တစ်ထောင်နီးပါး ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံဟာ မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်မှုစရိတ် အခြားနိုင်ငံတွေထက် ပိုသက်သာလို့ တတိယမြောက် အထည်ချုပ်စက်ရုံကို ထပ်မံတိုးချဲ့ တာဖြစ်ပြီး လာမယ့်နှစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃ သန်း ရင်းနှီးမြှုပ်နှံ သွားမယ်လို့ ဂျပန်သတင်းဌာနဖြစ်တဲ့ NIKKEI Asia မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။