ဟိုပင် အထက်တန်းကျောင်းသား ၄ ဦး ပြန်တွေ့
2018.06.22
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ မြသီတာအထက်တန်းကျောင်းက ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက် နေ့လည် ထမင်းစားကျောင်းဆင်းချိန်မှာ ပျောက်ဆုံးသွားတဲ့ ကျောင်းသား ၄ ယောက်ကို ဒီနေ့ဖားကန့်မြို့မှာ ပြန်တွေ့ပြီလို့ ဟိုပင်မြို့ မြသီတာ အုပ်ချုပ်ရေးမှူးက အတည်ပြုပါတယ်။
ကျောင်းသား ၄ ယောက်ထဲက မောင်ဝေမင်းစိုးရဲ့ မိဘတွေဟာ ဖားကန့်ဒေသမှာ စီးပွားရှာနေတာကြောင့် သူငယ်ချင်းအဖော်တွေနဲ့အတူ မိဘတွေရှိရာကို လိုက်သွားတာ ဖြစ်တယ်လို့ ဟိုပင်မြို့ မြသီတာ အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွန်း က ပြောပါတယ်။
"ဒီကလေး ၄ ယောက်ထဲက ၁ ယောက်ဖြစ်တဲ့ မောင်ဝေမင်းစိုးရဲ့ မိဘတွေက ဆိုင်းတောင်မှာ ရှိတယ်လေ။ သူ့ရဲ့ မိဘအိမ်မှာ ပြန်လည်တွေ့ရှိကြောင်း ဝေမင်းစိုးရဲ့ မိဘကနေတဆင့် ဟိုပင်မှာရှိတဲ့ အုပ်ထိန်းသူတွေကို အဆင့်ဆင့် အကြောင်းကြားခဲ့တဲ့အခါကျတော့ ကျနော်တို့ဆီကို တခါပြန်လို့ အန္တရာယ်ကင်းဘေးရှင်း တွေ့ရှိကြောင်း ပြန်လည်ပြောကြားချက်အရ ကျနော်တို့ သိရှိရပါတယ်ဗျ။ မိဘဆီကို အိမ်ပြန်တဲ့သဘောပုံစံမျိုးနဲ့ ကျန်တဲ့ကလေးတွေကို အဖော်အဖြစ်ခေါ်သွားတဲ့သဘောပါ။ အဲဒီလိုပါပဲ။ ကျနော်တို့ကတော့ ကလေးတွေ အခုလို ပညာသင်ကြားတဲ့ အရွယ်ကာလမှာ ဘေးမသီ ရန်မခနဲ့ အခုလို အန္တရာယ်ကင်း၊ ဘေးရှင်းပြန်တွေ့တာ အလွန်ပဲ ဝမ်းမြောက်ပါတယ်ခင်ဗျ။"
ဖားကန့်နယ်မြေခံရဲစခန်းက ဆိပ်မူ ( ဆိုင်းတောင် ) ကို ရောက်နေတဲ့ကလေးတွေကို ဒီကနေ့ သွားရောက်ခေါ်ဆောင်ခဲ့ပြီး သူတို့ရဲ့ မိဘတွေထံ ပြန်လည်ဆက်သွယ်နိုင်အောင် ဆောင်ရွက်နေကြောင်းကို အကြောင်းကြားလာတယ်လို့ ဟိုပင်မြို့ရဲစခန်းမှူး ရဲအုပ် ဗျက်ဆန်း က ပြောပါတယ်။
ဆိပ်မူရပ်ကွက် ၃ ဘုရားကုန်းပေါ်မှာ အဲဒီကလေး ၄ ယောက်ကို ဒီကနေ့ တွေ့ရှိပြီး သူတို့ရဲ့ အုပ်ထိန်းတချို့နဲ့အတူ အခု ဖားကန့်မြို့ရဲစခန်းမှာ ရောက်ရှိနေကြောင်း ပျောက်ဆုံးနေတဲ့ ကျောင်းသားတွေထဲက ၁ ဦးဖြစ် တဲ့ မောင်သန့်ဇင်ထွန်းရဲ့ မိခင် ဒေါ်ဝင်းဝင်းလှိုင် က ဆိုပါတယ်။
အဲဒီကျောင်းသား ၄ ယောက်ဟာ ဟိုပင်မြို့ မြသီတာအထက်တန်းကျောင်းက အဋ္ဌမတန်း ကျောင်းသား ၂ ယောက်နဲ့ နဝမတန်း ကျောင်းသား ၂ ယောက်ဖြစ်ပါတယ်။