မင်းတပ်မြို့ ဝမ္မသူးဆေးရုံ ဖျက်ဆီးခံရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ဝမ္မသူး တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ဖေဖော်ဝါရီ ၁၈ ရက်က ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ဆေးရုံသုံးပစ္စည်းတွေ အကုန်လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ မင်းတပ် CDF က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်က ဝမ္မသူး တိုက်နယ်ဆေးရုံထဲကို အင်အား ၂၅၀ ဝန်းကျင်နဲ့ ဝင်ရောက်တပ်စွဲကာ ဖျက်ဆီးခံလိုက်ရတာလို့ မင်းတပ် CDF က ကိုယောမာန်က ပြောပြပါတယ်။
"ထာလောင်းတို့၊ အယ်ရေးတို့ အဲဒီကျေးရွာတွေထဲကို ဝင်ရောက်ဖျက်ဆီးတယ်။ ဝမ္မသူးဆေးရုံထဲက သံကုတင်ကလွဲလို့ ကျန်တဲ့ ဗီရိုတွေ၊ သစ်သားကုတင်တွေ၊ စားပွဲတွေ၊ စင်တွေ၊ ဆေးပစ္စည်းတွေ၊ တွန်းလှည်း၊ ဗီရို၊ ခွက်တွေကအစ အပြင်ထုတ် မီးရှို့သွားတာပေါ့။ ဆေးရုံထဲက မှန်တွေအကုန် ရိုက်ခွဲဖျက်ဆီးသွားတာပေါ့"
စစ်ကောင်စီရဲ့ မင်းတပ်မြို့အခြေစိုက် တပ်မ ၅၅ လက်အောက်ခံတပ်တွေ ဖြစ်နိုင်တယ်လို့ ပြောကြပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးသလို ဆေးရုံဖျက်ဆီးခံရနဲ့ ပတ်သက် လို့ စစ်ကောင်စီတပ်ဘက်က တုံ့ပြန်ချက်ရဖို့ ကြိုးစားနေပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာ ဝမ္မသူး တိုက်နယ်ဆေးရုံကနေ စစ်ကောင်စီတပ်ဟာ နှစ်သုတ်ခွဲပြီး ထာလောင်းရွာဘက်ကို ပြန်ထွက်လာခဲ့ရာ မနက် ၁၁ နာရီလောက်မှာ မင်းတပ် CDF တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနောက် တိုက်ပွဲတွေ တစ်နေကုန်နီးပါးဖြစ်ခဲ့လို့ အနီးနားက ရွာပေါင်းခုနစ်ရွာက ဒေသခံ သုံးရာကျော်လည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။