တရားစီရင်ရေးမှာ အုပ်ချုပ်ရေးပိုင်း က ဝင်စွက်ဖက်ခွင့်မရှိတော့ဘူးလို့ သူရဦးရွှေမန်း ပြောကြား
2013.09.07

ဒီကနေ့ခေတ် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ အရင်အစိုးရခေတ်ကလို အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်လို့ မရတော့ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
လွှတ်တော်အနေနဲ့လည်း အများပြည်သူလိုလား လက်ခံနိုင်တဲ့ ဥပဒေတွေကို လွှတ်တော်က ရေး ဆွဲပြဌာန်းသွားမှာဖြစ်ကြောင်း ရန်ကုန်မြို့က လွှတ်တော်ရုံးမှာပြုလုပ်တဲ့ ဆွေးနွေးပွဲ မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့လွှတ်တော်သက်တမ်း နှစ်နှစ်ခွဲကာလအတွင်း ဥပဒေပေါင်း ၅၈ ခု ပြဌာန်းနိုင်ခဲ့ပေမယ့် အဲဒီဥပဒေတွေမှာ အားနည်းချက်တွေ ရှိနေတယ်လို့လည်း လွှတ်တော်ဥက္ကဌက ဝန်ခံပြောကြားခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကလည်း နှစ်ပေါင်း ၅ဝ ကျော် တရားစီရင်ရေးမဏ္ဍိုင် ယိုင်နဲ့ခဲ့ရတာဟာ အဲဒီအချိန်က ကျင့်သုံးခဲ့တဲ့စနစ်ကြောင့်လို့ ထောက်ပြပြောကြားခဲ့ပါတယ်။
ဒီနေ့ဆွေးနွေးပွဲကို တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မတီတာဝန်ရှိသူတွေနဲ့ ရှေ့နေများ အသင်း(ရန်ကုန်)၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့နေတွေ တရားသူကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
တက်ရောက်လာတဲ့ ဥပဒေပညာရှင်တွေကလည်း ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပါ ပုဒ်မ ၁၈နဲ့ လယ်သမား၊ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ အများဆုံးဖမ်းဆီးအရေးယူခံနေရတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အကြောင်း ထောက်ပြပြောကြားခဲ့ကြပါတယ်။
တရားစီရင်ရေးမဏ္ဍိုင် ပြန်လည်တည့်မတ်လာဖို့အတွက် တက်ရောက်လာတဲ့ ဥပဒေပညာရှင်တွေရဲ့ ဝေဖန်ထောက်ပြ အကြံပြုချက်တွေကို လွှတ်တော်မှာ ပြန်လည်ဆွေးနွေးပြီး ဥပဒေတွေရေးဆွဲပြဌာန်းနိုင်အောင် ကြိုးစားသွားမယ်လို့လည်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။
ဒီအတောအတွင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားနိုင်ငံရေးပါတီ ၆ ခုနဲ့ NLD ပါတီရုံးချုပ်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲအကြောင်း RFA သတင်းထောက် ကိုကျော်သူ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
အခြေခံဥပဒေပြုပြင်ရေးအတွက် NLD ပါတီက ဖွဲ့စည်းလိုက်တဲ့ ကော်မတီရဲ့ ဆောင်ရွက်နိုင်မယ့် အလားအလာတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုနေရိန်ကျော် တင်ပြထားတာ နားဆင်နိုင်ပါတယ်။