ကိုးကန့်စစ်ပွဲမှာ တရုတ်လက်ချက်ကင်းကြောင်း သူရဦးရွှေမန်း ပြောကြား

2015.05.02
thura-shwe-mann-usa-305 ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းအား ၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော်က အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်။
Phpto: Kyaw Kyaw Aung/RFA

ကိုးကန့်ဒေသစစ်ပွဲတွေမှာ တရုတ်အစိုးရအနေ နဲ့ နောက်ကွက်က ပါဝင်ပတ်သက်မှု မရှိဘူး လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း က ပြောကြားလိုက်ပါတယ်။

တရုတ်အစိုးရဟာ မြန်မာနိုင်ငံရဲ့ နယ်မြေအချုပ်အချာ အာဏာပိုင်စိုးမှုကို အသိအမှတ်ပြုထားတဲ့ နိုင်ငံဖြစ် တာကြောင့် ကိုးကန့်စစ်ပွဲမှာ တစုံတရာ ပါဝင်ပတ်သက် မှု မရှိနိုင်ကြောင်း သူရဦးရွှေမန်းက RFA လွတ်လပ်တဲ့ အာရှအသံနဲ့ မနေ့က ဝါရှင်တန်ဒီစီမြို့တော်မှာ သီးသန့်တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။

"တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ မြန်မာနိုင်ငံ ရဲ့ပြည်တွင်းရေးကို စွက်ဖက်တဲ့နိုင်ငံတစ်ခု မဟုတ်ပါဘူး၊ ထိုနည်းတူစွာပဲ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ မိမိတို့မြန်မာနိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို အသိအမှတ်ပြု ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် ဒီလိုကိစ္စမျိုးမှာ ပါဝင်ပတ်သက်မှုမရှိနိုင်ဘူးလို့ပဲ ပြောရမှာဖြစ် ပါတယ်"

တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးကတော့ အစိုးရတပ်မတော်နဲ့ တိုက်ခိုက်နေတဲ့ ကိုးကန့်တပ်ဖွဲ့အတွင်း တရုတ်ကြေးစားစစ်သည်တွေ၊ တရုတ်စစ်သည်ဟောင်းတွေ ပါဝင်နေကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ထောက်ပံ့ကူညီအားပေးဖို့ တရုတ်ဗဟိုအစိုးရမှာ မူဝါဒမရှိပေမယ့်လည်း အောက်ခြေအဆင့်မှာ ပါဝင်ပတ်သက်နေကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ သံတမန်ရေးအရ ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို ပြန်လည်ရုပ်သိမ်းရေးအတွက် အချိန်ကာလတစ်ခု ပိုင်းခြားပြောဆိုဖို့ ခက်ခဲကြောင်း RFA နဲ့ တွေ့ဆုံရာမှာ လွှတ်တော်အကြီးအကဲ သူရ ဦးရွှေမန်းက ပြောသွားခဲ့ပါတယ်။ ဒါ့ပြင် ဒီကနေ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ယခင်စစ်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပါဝင်ပတ်သက်မှုမရှိဘူးလို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။

"ပြုပြင်ပြောင်းလဲရေးဆောင်ရွက်တဲ့နေရာမှာ တပ်မတော်အစိုးရလက်ထက်က ဦးစီးဆောင်ရွက်ခဲ့တယ် ဒါမှန်ပါတယ်၊ ဒီနေ့ အစိုးရအဖွဲ့အပေါ်ရော လွှတ်တော်အဖွဲ့အပေါ်ရော တခြားသက်ဆိုင်တဲ့ အဖွဲ့အစည်းအသီးသီးအပေါ်ရော ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ပါဝင်ပတ်သက်ဆောင်ရွက်ခြင်း မရှိဘူးဆိုတာကိုတော့ အားလုံးသိချင်မှ သိပါလိမ့်မယ်၊ သို့သော် သက်ဆိုင်တဲ့သူများတော့ သိပါတယ်"

ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်ခဲ့တဲ့ ယခင်စစ်အစိုးရ လက်ထက်က အစိုးရအဖွဲ့ထဲမှာ တတိယမြောက်သြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် လူသိများပါတယ်။ မိမိအနေနဲ့ သမ္မတရည်မှန်းချက်ပြည့်မြောက်ခဲ့ရင် လက်ရှိယာယီရပ်ဆိုင်းထားတဲ့ ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်း အနာဂတ်နဲ့ ပတ်သက်လို့ တတ်သိပညာရှင်တွေ၊ ပြည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်သွားမယ် လို့လည်း သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။

သူရဦးရွှေမန်းနဲ့အဖွဲ့ဟာ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ John Boehner ရဲ့ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတာဖြစ်ပြီး၊ လာမယ့် တနင်္လာနေ့မှာ အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Anthony Bliken နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

သူရဦးရွှေမန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် သီးသန့် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။