ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် လက်တွဲခေါ်မယ်လို့ သူရဦးရွှေမန်း ပြော


2014.01.23
ushweman-305 ဇန်နဝါရီလ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
photo from youtube

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် မိမိအနေနဲ့ လက်တွဲခေါ်မယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီး ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေ နဲ့ တွေ့ဆုံရာမှာ သတင်းထောက်တစ်ဦး က ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ မှာ သမ္မတဖြစ် လာမယ်ဆိုရင် ဘယ်လိုသဘောထားသလဲ လို့ သတင်းထောက်တစ်ဦးက မေးရာမှာ သူရဦးရွှေမန်းက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

“သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ရွေးချယ် တင်မြှောက်လို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မည်သူသမ္မတဖြစ်ဖြစ် မိမိအနေနဲ့ လက်ခံပြီးတဲ့အခါမှာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိဘက်က တတ်စွမ်းသမျှ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့  အမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ အကယ်လို့ သမ္မတဖြစ်လာမယ်ဆိုလို့ရှိရင် မိမိဘက်က ဘာမှကန့်ကွက်စရာမရှိသလို မိမိ ဝမ်းသာလှိုက်လှဲစွာနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်”

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်၊ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ဖို့ တောင်းဆိုတာကို သူ့အနေနဲ့ ထောက်ခံတယ်လို့လည်း သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။

တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တုန်းကထက် အခုလို ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်ယူရတာကို ပိုပြီးနှစ်ခြိုက်တယ်လို့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်နဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။

သူရဦးရွှေမန်းရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။