စစ်ဘေးသင့်ရွာသားတွေအတွက် KNPP နဲ့ ပြည်နယ်အစိုးရ အိမ်ယာဆောက်မည်


2014.06.13
child-refugee-camp-305.jpeg ဒုက္ခသည်စခန်းက ကလေးငယ်နှစ်ဦးကို တွေ့ရစဉ်
Photo: RFA

ကယားပြည်နယ် ရှားတောမြို့နယ်မှာ စစ်ဘေး ဒဏ်ကြောင့် ရွာပုန်းရွာရှောင်တွေအဖြစ် နေထိုင် ခဲ့ကြရတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် ပထမဆုံး စမ်းသပ်အိမ်ရာတွေကို ကယားပြည်နယ် အစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ ပူးပေါင်း ပြီး ဆောက်လုပ်ပေးမယ်လို့ သိရပါတယ်။

အိမ်ယာဆောက်လုပ်သွားမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ လွိုင်ကော်မြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးပလူးရယ်က အခုလိုပြောပါတယ်။

"ကေအန်ပီပီနဲ့ အစိုးရဘက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာပေါ့နော် စစ်ဘေးဒုက္ခသည်တွေအတွက် ပထမဆုံး စမ်းသပ်အိမ်ရာဆောက်လုပ်ဖို့ သဘောတူထားပါ တယ်၊ အိမ်ခြေအလုံး ၅ဝ ပေါ့လေ စတင်ပြီးဆောက်ပါ မယ်၊ ဒီအစီအစဉ်အောင်မြင်ရင် နောက်ဆက်တွဲတွေ ရှိမယ့် သဘောပေ့ါ"

အဲ့ဒီအိမ်ယာအလုံး ၅၀ အတွက် ပြည်နယ်အစိုးရ ဘဏ္ဍာငွေထဲက ကျပ်သိန်းပေါင်း နှစ်ထောင့်ငါးရာ အကုန်ကျခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ် စစ်အစိုးရလက်ထက်က ပျက်စီးခဲ့တဲ့ကျေးရွာ ၂၀ လောက်က စစ်ပြေးဒုက္ခသည်တွေအတွက် စမ်းသပ်အိမ်ရာတွေအဖြစ် ပထမဆုံး အလုံး ၅၀ လောက်ကို ရှားတောမြို့နယ်မှာ ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။ စတင်ဆောက်လုပ်မယ့် နေ့ရက်ကိုတော့ အတိအကျ မထုတ်ပြန်သေးပါဘူး။

ရှားတောမြို့နယ်ဟာ အစိုးရနဲ့ ကေအန်ပီပီတို့ အပစ်ခတ်ရပ်စဲရေးမယူခင် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့တဲ့မြို့ဖြစ်ပြီး ပျက်စီးသွားတဲ့ ရွာတွေအတွက် အိမ်ယာဆောက်လုပ်ပေးတာ ဒါပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။