ဒုက္ခသည်အိမ်ဆောက်ရေး အစိုးရနဲ့ သဘောတူညီချက် မရသေးဟု ကုလပြောဆို
2017.10.26

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေးနဲ့ ကုလသမဂ္ဂမြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ် UN-Habitat က အရာရှိတွေဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးသွားသူတွေအတွက် အိုအိမ်တွေပြန်လည်ဆောက်လုပ်ပေးဖို့ သဘောတူ ညီချက်ရရှိခဲ့တယ်ဆိုပြီး မြန်မာအစိုးရ သတင်းစာမှာ ဖေါ်ပြခဲ့တဲ့အချက်ဟာ မှားယွင်းနေကြောင်းနဲ့ သဘောတူ ညီချက်တစ်စုံတရာ မရရှိသေးကြောင်း မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံး ပြောခွင့်ရသူ Stanislav Saling က ပြောဆိုပါတယ်။
ဒီဆွေးနွေးပွဲသတင်းနဲ့ပတ်သက်ပြီး Global New Light of Myanmar သတင်းစာမှာ ရခိုင်ဒေသက အပြောင်းရွှေ့ခံ ဒုက္ခသည်တွေအတွက် နေအိမ်တွေပြန်လည်တည်ဆောက်ရာမှာ ကုလသမဂ္ဂဘက်က နိုင်ငံတကာအတွေ့ အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး မြန်မာလူမှုရေးနဲ့ ရေမြေသဘာဝနဲ့ ကိုက်ညီမယ့် စီမံချက်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖေါ်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံး ပြောရေးဆိုခွင့်ရှိသူ Stanislav Saling က ကုလသမဂ္ဂမြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ်အနေနဲ့ ဒုက္ခသည်တွေ ပြန်လည်နေရချထားရေးအတွက် အိုးအိမ်တွေဆောက်လုပ်ရာမှာ သင့်တော်တဲ့ စည်းကမ်းချက်တွေနဲ့အညီ ဆောက်လုပ်ဖို့လိုကြောင်း အလေးအနက်တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။
ဒုက္ခသည်တွေအနေနဲ့ ဥပဒေမဲ့ ဖယ်ရှားခံခဲ့ရတဲ့ သူတို့ရဲ့မူလနေထိုင်ရာ အရပ်ဒေသတွေကို ပြန်လည်နေထိုင်ခွင့် ရှိတယ်လို့ ကုလသမဂ္ဂက အခြေခံမူဝါဒထားရှိတယ်လို့ ပြောပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ လူမှုဝန်ထမ်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်ကတော့ ဆွေးနွေး ပွဲမှာ မြန်မာနဲ့ ကုလသမဂ္ဂ သဘောတူညီချက်တွေရရှိခဲ့တယ် ကုလသမဂ္ဂဘက် အကူအညီတွေပေးမယ်လို့ သဘောတူ ညီခဲ့တယ်လို့ ဆိုပါတယ်။