ဘားအံအကျဉ်းထောင်မှူး အပါအဝင် ထောင်ဝန်ထမ်းတွေကို စစ်ဆေးနေ
2018.09.18
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်ကနေ လွတ်ရက်မရှိ အကျဉ်းသားတစ်ဦးက ဦးဆောင်ကာ အကျဉ်းသား ၄၁ ဦး ထောင်ဖောက်ထွက်ခဲ့တာမှာ ထောင်အာဏာပိုင်တွေ ပူးပေါင်းနိုင်တယ်ဆိုတဲ့ သံသယကြောင့် ထောင်မှူးအပါအဝင် ထောင်ဝန်ထမ်းတချို့ကို အကျဉ်းဦးစီးဌာက စစ်ဆေးနေတယ်လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
နေပြည်တော်က အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေ လာရောက်စစ်ဆေးနေတယ်လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး က RFA ကို အတည်ပြုပြောကြားပါတယ်။
"ဌာနချင်းမတူတော့ ကျနော် အကြမ်းဖျင်းသိရသလောက်ပဲ ပြောလို့ရမယ်၊ စစ်ဆေးနေတာတော့ သိတယ်ခင်ဗျ၊ ဒုညွှန်ချုပ်အဆင့်တစ်ယောက် ဆင်းပြီးတော့ အဲကိစ္စကို စီစစ်နေတယ်၊ အကျဉ်းဦးစီးကဌာနအတွင်းမှာဖြစ်နေ တာလေ၊ ဌာနကလည်းသံသယရှိတယ်၊ နေပြည်တော်က တစ်ဖွဲ့ဆင်းလာပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်"
လွတ်ရက်မရှိ အကျဉ်းသားတစ်ဦးဟာ ကြိုးတိုက်မှာရှိမနေဘဲ အပြင်ရောက်နေတာ၊ ထောင်တံခါးလေးချပ်ကိုတိုက်ပြီး ထွက်ပြေးတဲ့ကားဟာ ပျက်စီးမှုသိပ်မရှိတာတွေကြောင့် ဒီထွက်ပြေးတဲ့လူတွေနဲ့ ထောင်အာဏာပိုင်တွေကြား ပတ်သက်မှုရှိနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်းရှိနေတာပါ။
ဒီထောင်ဖောက်ထွက်ပြေးတဲ့ အကျဉ်းသား ၄၁ ဦးထဲက ဒီနေ့ညနေအထိ ၂၂ ဦးကို ဖမ်းဆီးရမိထားတယ်လို့လည်း ရဲမှူးကြီးအောင်မြတ်မိုး ကပြောပါတယ်။
ဒီဘားအံအကျဉ်းထောင်ဟာ ထိုင်းနယ်စပ်နဲ့နီးတာ၊ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေနဲ့ နီးတာကြောင့် ထွက်ပြေးလွတ်မြောက်နိုင်တယ်လို့ ယူဆတဲ့အတွက် နယ်စပ်တလျောက်မှာ ပိတ်ဆို့ဖမ်းဆီးနေတယ်လို့လည်း ရဲမှူးကြီး ကပြောပါတယ်။
ဒီနေ့မနက် ဘန်ကောက်ပို့စ် သတင်းစာမှာလည်း ဘားအံအကျဉ်းထောင်ဖောက်ထွက်ပြေးတဲ့ အကျဉ်းသားတွေ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာမှာစိုးတာကြောင့် တက်ခရိုင်ရှိနယ်စပ်တလျောက်မှာ လုံခြုံရေးတွေ တိုးချထားတယ်လို့ ဖော်ပြထားပါတယ်။