ဖားကန့်တိုက်ပွဲကြောင့် ဒေသခံ ငါးရာကျော် ထွက်ပြေးနေရ
2023.09.11

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှာ စက်တင်ဘာလ ၁၁ ရက် ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဟောင်ပါး ဒေသခံ ငါးရာဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေကြ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရာမှာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟောင်ပါး ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်မတို့လည်း ထွက်ပြေးနေရတယ်။ အားလုံး ၅၀၀ လောက်တော့ရှိမယ်။ လက်နက် ကြီးတွေပစ်တော့ ကျွန်မတို့နေတဲ့နေရာ မလွတ်တော့ ထွက်ပြေးတယ်။ ကျွန်မတို့နား တောင် နှစ်လုံးကျတာ။ ထွက်ပြေး တာက နှစ်ဖက်အကုန်ပိတ်ထားတော့ တောတောင် တွေမှာပဲ ထွက်ပြေးကြတယ်။ ရွာမှာက တစ်အိမ်ကို တစ်ယောက်လောက်တော့ စောင့်နေကြတယ်”
PDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီတပ်က ဟောင်ပါးရွာဘုန်းကြီးကျောင်းကို လာဝိုင်းတဲ့အတွက် နှစ်ဖက်တိုက်ပွဲ နာရီဝက်လောက်ကြာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
“ဟောင်ပါး ဘုန်းကြီးကျောင်းကို လာပစ်လို့ တိုက်ပွဲဖြစ်တာ။ လက်နက်ကြီးတွေလည်း ပစ်တယ်။ အခုကတော့ ကျွန်တော်တို့ အဲဒီနေရာကို ပြန်ရောက်နေပြီ။ အခြေအနေ ကလည်း အခုတော့ ငြိမ်နေတယ်။ စကစ အင်အားကတော့ ၈၀ လောက်တော့ရှိတယ်။ မနက်က တိုက်ပွဲကတော့ ၅ နာရီ ၂၀ လောက်က စတာ နာရီဝက်လောက်ပဲံကြာတယ်။ ထိခိုက်သေဆုံးကတော့ မရှိဘူး”
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်တယ်တွေမှာတော့ ဒီနေ့မနက်တိုက်ပွဲမှာ ဟောင်ပါးကျေးရွာက ဘုန်းကြီးကျောင်းမှာ စခန်းချနေတဲ့ KIA/PDF ရဲ့ ရုပ်အလောင်း ငါးလောင်းနဲ့ လက်နက်တွေ သိမ်းဆည်း ရမိတယ်လို့ ရေးသားဖော်ပြကြပါတယ်။
KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
“ထိခိုက်သေဆုံးမှု ရှိတယ်ဆိုတာတော့ ကျွန်တော်တော့ သိပ်မထင်ပါဘူး။ ဒါပေမဲ့ တိုက်ပွဲတော့ ရှိပါတယ်။ ကျွန်တော်တို့ တပ်ရင်း (၂၆)နယ်မြေဖြစ်ပါတယ်။ တပ်ပေါင်းစု ရှိတဲ့ဘက်မှာ စစ်ကောင်စီက ထိုးလာလို့ ကျွန်တော်တို့ ခုခံတိုက်ပွဲတွေ ရှိပါတယ်။ ဒါပေမဲ့ အခုတော့ စစ်ကောင်စီဘက်ကတော့ ပြန်ဆုတ်သွားပြီးမှ အရင်က KIA တွေ ထိုင်တဲ့နေရာမှာ KIA တွေ ပြန်ထိုင်နေတဲ့ သတင်းကတော့ ကြားရပါတယ်”
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိတဲ့ လူမှုဝန်ကြီး ဦးဝင်းရဲထွန်းကတော့ တိုက်ပွဲသတင်းတွေကို သူ့အနေနဲ့ မသိနိုင်ပေမယ့် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် တွေကိုတော့ အမြဲ ကူညီဖို့ လုပ်ဆောင် ထားတယ်လို့ RFA ကို ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ကလည်း ဟောင်ပါးကျေးရွာအုပ်စု နန့်ပုတ်ရွာထဲကို ရှမ်းနီအမျိုးသားတပ်မတော် (SNA) ပစ်တဲ့ လက်နက်ကြီးကျည်နှစ်လုံး ကျရောက် ပေါက်ကွဲတာကြောင့် အရပ်သား ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ ဇူလိုင်က နောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ KIO ဌာနချုပ် လိုင်ဇာ တစ်ဝိုက်ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဇူလိုင်လကနေ ဒီနေ့ထိ ကချင် ပြည်နယ်မှာ တိုက်ပွဲပေါင်း ၈၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။