ဖားကန့်က မအူပင်ရွာကို စစ်ကောင်စီတပ် မီးရှို့၊ ဒေသခံတွေ ထွက်ပြေးခဲ့ရ
2024.02.07

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်း - ဖားကန့်လမ်းပေါ်မှာရှိတဲ့ မအူပင်ရွာကို ဖေဖော်ဝါရီလ ၇ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းဝင်လာတာကြောင့် ဒေသခံ ခြောက်ဆယ်ဝန်းကျင်လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ရွာမီးရှို့ခံရပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ သိက္ခာတော်ရဆရာတော် ဦးလဟီးတူးလွမ် အပါအဝင် ဒေသခံ ရှစ်ဦး ဖမ်းဆီးခံခဲ့ရပေမယ့် ဒီနေ့ညနေပိုင်း ပြန်လွတ်လာပြီလို့ ဒေသခံ ဘာသာရေးဆရာတစ်ဦးက RFA ကို ပြောပါတယ်။
“ဖမ်းသွားတဲ့ သင်းအုပ်ဆရာ အပါအဝင် အားလုံးကို ကာမိုင်းအထိခေါ်သွားပြီး ကာမိုင်းမှာ ပြန်လွတ်ပြီလို့ ပြောတယ်။ နေအိမ် ၁၇ လုံးလောက် မီးရှို့သွားတာ ငါးအိမ်လောက်ပဲကျန်တာ။ အိမ်ခြေက နှစ်ဆယ်ကျော်လောက်ပဲရှိတာ”
တိုက်ပွဲဖြစ်တာမရှိဘဲ ကာမိုင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်သား အင်အားငါးဆယ်ခန့်ဟာ ကုန်တင်ကားတစ်စီးနဲ့ ရွာကိုရောက်လာပြီး မီးရှို့ခဲ့သလို အဲဒီကုန်တင်ကားနဲ့ပဲ ကာမိုင်းမြို့ကို ပြန်သွားတယ်လို့ ဆိုပါတယ်။
နေအိမ်တွေအပြင် ဒေသခံတွေရဲ့ ကား၊ လယ်ထွန်စက်နဲ့ အခြားပိုင်ဆိုင်မှုတွေကိုပါ မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကိုကိုကို RFA က ဒီနေ့ညနေပိုင်းက တယ်လီဖုန်းနဲ့ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မအူပင်ရွာအထက်ပိုင်းမှာရှိတဲ့ နန့်တိန်ရွာက စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းတပ်စခန်းကို ဖေဖော်ဝါရီ ၂ ရက်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။