ဖားကန့်က အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

RFA Burmese
2023.05.05
ဖားကန့်က အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး ကချင်ပြည်နယ် ဖားကန့်မြို့အဝင်တစ်နေရာအား တွေ့ရစဉ်။
RFA

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာနေထိုင်တဲ့ ဦးကျော်ဦးနဲ့ ဦးဇော်ဒွဲခေါင် ဒေသခံအရပ်သား နှစ်ဦးကို စစ်ကောင်စီတပ်သားတွေက မေလ ၄ ရက် မနေ့က ဖမ်းဆီးသွားပြီးနောက် သတင်းအစအနမရဘဲ ပျောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက သူတို့အလိုရှိသူတွေကို လာရောက်ရှာဖွေရာမှာ မတွေ့တဲ့အတွက် သူတို့နှစ်ဦးကို ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မေလ ၄ ရက်နေ့ မနက်ပိုင်း ၁ နာရီလောက်မှာ ကား ၃ စီးနဲ့လာပြီး ဖမ်းတာ။ သူတို့ရှာတဲ့သူ မတွေ့တော့ အိမ်မှာရှိနေတဲ့ လူနှစ်ယောက်ကို ဖမ်းသွားတယ်။ ကားလည်း တစ်စီးယူသွားတယ်။ အခု ချိန်ထိတော့ ဘယ်မှာ ဖမ်းထားတာလဲဆိုတာကို သေချာမသိရသေးဘူး”

စစ်ကောင်စီရဲ့ ကချင်ပြည်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ဖားကန့်ဒေသက သတင်းတွေကြားသိရပေမယ့် သူက လူမှုရေးရာကဏ္ဍကို တာဝန်ယူရတာကြောင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို အတည်ပြုဖို့ခက်ခဲတယ်လို့ RFA ကိုပြောပါတယ်။

ဖားကန့်မြို့ မှော်ဝမ်း ရပ်ကွက်မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကို ဖမ်းဆီးတာတွေ မကြာခဏရှိနေပြီး မေလ ၂ ရက်နေ့ကလည်း မှော်ဝမ်းရပ်ကွက် မင်းမင်းကျော် ရေဆေးဆီးလိုက်ဆိုင်နားက လမ်းသွား လမ်းလာတွေကို စစ်ဆေးပြီး ပြည်သူ ၁၅ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကလည်း ဖားကန့်မြို့က ရှုထောင့်သစ် လက်ဖက်ရည်ဆိုင် ပိုင်ရှင်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရာရှိတစ်ဦးနဲ့ ပြည်သူ ၃၀ ဦးကိုလည်း နေအိမ်ထဲထိလာပြီး စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီအထဲက အများစုကပြန်လွတ်လာကြပေမဲ့ နေအိမ်တွေထဲအထိ လာရောက် ဖမ်းဆီးခံရတဲ့သူတွေကတော့ ပြန်လွှတ်လာတာမရှိဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ်အတွင်း ဖားကန့်မှာ ဖမ်းဆီးခံရတဲ့ ပြည်သူ ၇၀၀ ကျော်ရှိနေပါတယ်။ အဲထဲက ၅၀၀ ကျော်က ပြန်လည်လွတ်မြောက် လာကြပေမယ့် ကျန် ၂၀၀ လောက်ကတော့ ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။